မဲခေါင်၊ ဧပြီ ၁၈
ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိအောင်မြင်စေရန် PSLF/TNLA အနေနဲ့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာ ခံယူတယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ဧပြီလ ၁၇ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် “ဝ” နဲ့ တအာင်း အမြဲတမ်း လက်တွဲပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ကတိသစ္စာပြုတယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ဧပြီလ ၁၇ ရက်မှာ ကျရောက်တဲ့ “ဝ” ပြည်နယ်(မူရင်းအသုံး) ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၄ နှစ်ပွဲတော်ကို ပေးပို့တဲ့ သဝဏ်လွှာမှာ PSLF/TNLA က အဲ့ဒီလို ဖော်ပြထားတာဖြစ်ပါတယ်။
“မွန်-ခမာ အနွယ် ဝ – တအာင်း တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး နှင့် အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိ အောင်မြင်စေရန်အတွက် PSLF/TNLA အနေဖြင့် ဝ ခေါင်းဆောင်ကြီးတို့၏ နိုင်ငံရေး စစ်ရေးဦးဆောင်မှုကို လေးနက်တည်ကြည်စွာခံယူပြီး သွေးချင်းညီအစ်ကို လူမျိုးများအနေဖြင့် အမြဲလက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိသစ္စာပြုရင်း ဝ ပြည်နယ်(မူရင်းအသုံး) ငြိမ်းချမ်းရေး တည်ဆောက်မှု ၃၄ နှစ်ပြည့်ပွဲတော်သို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်” လို့ PSLF/TNLA က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် “ဝ” အဖွဲ့က ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ ပြည်တွင်း ပဋိပက္ခအား အင်အားသုံး၍ မဖြေရှင်းရန် နိုင်ငံရေးနည်းလမ်းများဖြင့်သာ အဖြေရှာရန်ဆိုတဲ့ တိုက်တွန်းချက်ဟာ မြန်မာပြည်တွင်းစစ် ပဋိပက္ခအား ကိုင်တွယ်ဖြေရှင်းရာမှာ ကိုင်စွဲထားရမယ့် အခြေခံမူဝါဒ ဖြစ်တယ်လို့လည်း PSLF/TNLA က ဖော်ပြထားပါတယ်။
ဒါ့အပြင် “ဝ” အဖွဲ့မှ ထုတ်ပြန်ထားတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ရပ်တည်ချက် မူဝါဒတွေဟာ “ဝ” ပြည်နယ်(မူရင်းအသုံး) နဲ့ ကိုက်ညီသလို PSLF/TNLA ကလည်း ထောက်ခံလိုလားတဲ့ အခြေခံမူဝါဒတွေဖြစ်တယ်လို့ PSLF/TNLA ရဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
UWSA “ဝ” တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ-ဗကပ ကနေ ခွဲထွက်လာပြီး “ဝ” တပ်ဖွဲ့ကို တည်ထောင်ကာ ဗမာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူခဲ့တာဖြစ်ပါတယ်။
CJ – 002
#MeKongNews