အိုက်မုန်း ( ရွှေလီ )
လွန်ခဲ့တဲ့ နှစ်နှစ်က ကျင်းပတဲ့ ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား တခုမှာ SSPP/SSA ဝါရင့် နာယကကြီး ဗိုလ်ချုပ်ကြီး ဆေထင်က အခုလိုပြောဖူးတယ်။
“ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို မျက်ခြည်မပြတ်ပဲ တော်လှန်ရေးရဲ့ မူလရည်မှန်းချက်ပန်းတိုင်ရောက်အောင် ဆက်လက်ကြိုးပမ်းဖို့” တိုက်တွန်းသွားခဲ့တာပါ။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တနှစ်ကျော်အကြာမှာကျင်းပတဲ့ ရှမ်းပြည်တပ်မတော်နေ့အခမ်းအနားမှာ တိုက်တွန်းခဲ့တာကိုကြည့်ရင် လက်ရှိပြည်တွင်းအကြပ်အတည်း အရှူပ်အထွေးကာလဟာ “ ဗမာ့အခက်၊ ရှမ်းအချက်” မူနဲ့ အခွင့်အရေးယူဖို့ တိုက်တွန်းတာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ဆေထင်က အာဏာသိမ်းပြီးနောက် မြန်မာပြည်တလွှားဖြစ်လာတဲ့ စစ်မြေပြင်အခြေအနေတွေကို ကြည့်ပြီး တော်လှန်ရေးတပ်တွေ၊ PDFတွေဘက်က ကူညီ တိုက်ခိုက်ဖို့ မကြာမကြာ အဖွဲ့တွင်းဆွေးနွေးမှုတွေမှာ တင်ပြတာတွေလည်း သတိထားမိပါတယ်။
အခု နောက်ထပ် ပွဲဆူစေသူကတော့ ဒုတိယ ဥက္ကဌ စဝ်ခွန်ဆိုင်ပါ။ “ ဆွေးနွေးဖို့ မဖြစ်နိုင်တော့ဘူး တိုက်ယူမှရတော့မယ်၊ မနက်ဖြန် စစ်မဖြစ်ချင်ရင် ဒီနေ့ဖြစ်ရပါမယ်” လို့ သူက ဆိုပါတယ်။ သတင်းဌာနတွေကလည်း သူ့ပြောဆိုချက်ကို ကိုးကားပြီး SSPP က စစ်ကောင်စီကို စစ်ကြေညာ ဆိုပြီး ဖော်ပြကြပါတယ်။
ဒုဥက္ကဌ စဝ်ခွန်ဆိုင်နဲ့ ခင်မင်သူ စာရေးသူက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းက ခရီးသွားရင်း အမှတ်မထင် ဆုံခဲ့ကြတယ်။ စကားပြောဖြစ်တယ်ဆိုပါတော့။ အဲမှာ သူပြောတာ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေရှိတယ်။
“ကျွန်တော်တို့ လောလောဆယ် RCSS နဲ့ တိုက်ပွဲဖြစ်နေတယ်။ တဘက်မှာ စစ်ကောင်စီနဲ့ နေပြည်တော်ကို သွားဆွေးနွေးနေရတယ်။ ဒါဟာလည်း ပရိယာယ်အရပါ။ ကျွန်တော်က လက်နက်ချဖူးတဲ့ ရာဇဝင်လည်း မရှိသလို တော်လှန်ရေး အသိ၊ သတိ ဘယ်တော့မှမမေ့ပါ” တဲ့။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှာတာကောင်းပေမယ့် အလားအလာ သိပ်မရှိဘူးလို့ အဲဒီကတည်းက သူကမှတ်ချက်ပြုတယ်။
လက်နက်မချ၊ အပစ်မရပ်၊ နယ်ခြားစောင့် ပြည်သူ့စစ် မလုပ်သူ စဝ်ခွန်ဆိုင်ရဲ့ လူငယ်ဘ၀နဲ့ နိုင်ငံရေး၊ စစ်ရေး ဖြတ်သန်းမှုဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ရှမ်းမျိုးချစ် တဦး ဖြစ်ပေမယ့် ကျောင်းသား သမဂ္ဂခေါင်းဆောင်ဟောင်း နဲ့ ဗကပ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်လာတဲ့ စိုင်းအောင်ဝင်းရဲ့ ဂျူနီယာ ဖြစ်သူပီပီ သူလည်းအရှေ့မြောက်ဒေသမှာ အခြေချတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့တယ်။ ဗမာ့ကွန်မြူနစ်ပါတီ(ဗကပ) အသံလွှင့်ရုံမှာလည်း စိုင်းကျော်ချစ်ညွှန့်အမည်နဲ့ တာဝန်ထမ်းဆောင်ဖူးသလို “ ဗကပ” တပ်မဟာ ၈၈၈ ရဲ့ တပ်မှူးလည်း ဖြစ်ဖူးတယ်။ “ ဗကပ” ရဲ့ နောက်ပိုင်းကာလ လူမျိုးစုပေါ်လစီ အမှားတွေကိုလည်း မချိတင်ကဲ ထောက်ပြမှုတွေလုပ်ခဲ့တယ်။ “ ဗကပ” ပြိုပြီးနောက် ပြည်တွင်း ပြန်မဝင်ပဲ ထိန်ချုံးဘက်မှာ ခဏနေတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ ရှမ်းပြည်တပ်မတော်(SSA) အထွေထွေအတွင်းရေးမှူး စိုင်းလိတ်နဲ့ ပြန်ဆုံပြီး ရှမ်းလက်နက်ကိုင်လောကထဲပြန်ဝင်လာခဲ့တယ်။ အဲ့ဒီကာလက SSA ဟာလည်း ဝရုန်းသုန်းကား ကာလကို ကြုံနေရတာပါ။ စိုင်းလိတ်တို့ တပ်မဟာက တရုတ်မြန်မာ-နယ်စပ်ဒေသတွေမှာ အခြေစိုက်ပြီး ရှမ်းပြည်အလယ်ပိုင်းနဲ့ စိန်ကျော့ဘက်မှာ အခြေစိုက်တဲ့ SSA တပ်တွေက ၁၉၈၉ ခုနစ်မှာ အပစ်ရပ်လိုက်တယ်။
“ ဗကပ” ပြိုတော့ စစ်တပ်နဲ့ ခွဲထွက်အဖွဲ့တွေ အပစ်ရပ်ကြတာကို မကြိုက်တဲ့ သူက SSA နဲ့သွားတွဲမှ SSAပါ အပစ်ရပ်တာကို ကြုံရတယ်။ ဒါနဲ့ အပစ်မရပ်တဲ့ သူနဲ့ ကုလားစိုင်းလိတ်တို့ဟာ ဦးခွန်ဆာ ဦးဆောင်တဲ့ MTAနဲ့ ပေါင်းဖို့ ထိုင်းနယ်စပ်ကို ထွက်လာခဲ့ကြတယ်။ MTA က သူတို့ကို လက်ခံပေမယ့် နောက်ပိုင်း ကုလားစိုင်းလိတ်ကို အဆိပ်ခတ်သတ်တာမျိုး ကြုံရတော့ သူအတော်လန့်သွားခဲ့တယ်။
အဲနောက်ပိုင်း MTA ကနေ ခွာခဲ့ပြီး ကာလအတန်ကြာ နှစ်မြှပ်နေခဲ့တယ်။ SSA အပစ်ရပ်၊ အမျိုးသားညီလာခံတက်တဲ့ ကာလတွေမှာလည်း သူပါဝင်တာ မရှိပါ။ ဗိုလ်ချုပ်ဆေထင် အဖမ်းခံရ ထောင်ချခံရပြီး နောက်ပိုင်း ၂၀၀၉ ခုနှစ် လောက်မှာ ပေါ်လာတဲ့ ပြည်သူ့စစ်၊ နယ်ခြားစောင့်ဖွဲ့ရေး ကာလမှာတော့ သူဟာပြန်ပေါ်လာခဲ့တယ်။ အဲကာလမှာ SSA တပ်မဟာ(၃)ခုအတွင်း သဘောထားတွေအမျိုးမျိုးဖြစ်နေကြတယ်။
တပ်မဟာ(၃)စိန်ကျော့နဲ့ တပ်မဟာ(၇)ကာလိတို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသွားပြီး စစ်တပ်ရဲ့ ပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်မူကို လက်မခံပဲ ပြန်တိုက်တဲ့ SSA တပ်မဟာ(၁)ဝမ်ဟိုင်းမှာ သူပြန်ပါလာတာဖြစ်တယ်။ အဲကာလမှာ တပ်မဟာ(၁) အနေနဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ နာမည်နဲ့ ပြန်ရပ်တည်ဖို့လုပ်တော့ နိုင်ငံရေးအရ ယခင် အတွေ့အကြုံရှိသူတွေကို ပြန်ခေါ်ရာက ပါလာသူဖြစ်တယ်။
“ ဝမ်ဟိုင်းမှာဘာဖြစ်နေတာလဲ”
လတ်တလော SSPP သတင်းတွေကိုကြည့်ရင် စစ်ကောင်စီကို စစ်ရေးအရရင်ဆိုင်မယ် ပြောလိုက်၊ နောက်ပြီး အတွင်းရေးမှူး(၂)ဆိုသူက စစ်ကောင်စီကိုတော်လှန်ဖို့ ဆုံးဖြတ်ထားတာမရှိဘူးလို့ မီဒီယာမှာ ပြောလိုက်နဲ့ ရှုပ်ရှက်ခတ်နေတာပါပဲ။
ဒါပေမယ့် အထက်မှာ ဖော်ပြခဲ့တဲ့ နာယကကြီး ဗိုလ်ချုပ်ဆေထင်တို့ ဒုတိယ ဥက္ကဌ စဝ်ခွန်ဆိုင်တို့ သဘောထားကို ကြည့်ရင် အခွင့်အရေးရတုန်း တော်လှန်ရေးမှာ တတပ်တအား ပါဝင်စေချင်တဲ့ ဆန္ဒရှိနေတာ ငြင်းမရတဲ့ ကိစ္စပါ။ နောက်ပြီး နာယက အဖွဲ့ဝင်တွေဖြစ်နေတဲ့ စဝ်ဆေအွန် တို့လို နိုင်ငံရေး ဥသျှောင်အဖွဲ့ဝင်မျိုးတွေကလည်း ဒီသဘောပါပဲ။
ဖြစ်တန်ရာရှိတာက SSPP/SSA အဖွဲ့တွင်းမှာ စစ်အာဏာရှင်ကို တိုက်ထုတ်တော်လှန်ချင်တဲ့ ခေါင်းဆောင်ကြီးတွေက တစု စီးပွားရှာနိုင်တဲ့အတွက် နိုင်ငံရေး အမြော်အမြင် ရှိရှိ/မရှိရှိ နေရာရလာတဲ့ အုပ်စုတွေက တစု သဖွယ်ရှိနေပြီး လက်ရှိ နိုင်ငံရေး ၊ လူထုတော်လှန်ရေး အခင်းအကျင်းတွေအပေါ် ပါသင့်မပါသင့် သဘောထား ကွဲလွဲနေကြပုံပါ။
“ နောက်ထပ်အရေးပါတဲ့အချက်”
အရေးပါတဲ့အချက်တချက်ကတော့ ရှမ်းလူထု နဲ့ SSPP/SSA အကြား ဆက်ဆံရေးပါ။ SSPP/SSA က ရှမ်းလူထုတွေကို စည်းရုံးရေးဆင်းတာ ညံ့ဖျင်းလှသလို ရှမ်းလူထုကလည်း အဖွဲ့အစည်းတွေကို ချိတ်ဆက် ပူးပေါင်းပါဝင် ထိန်းသိမ်းမှု (Engagement and Balance)ကို နားမလည်ပါ။ များသောအားဖြင့် လောက အမြင်က အချစ်နဲ့အမုန်း ဆိုတာပဲရှိတဲ့အတွက် ရှမ်းကျေးလက်တောင်သူတွေက RCSS လို ပဒေသရာဇ် စစ်ဘုရင် ပေါ်ပြူလာနိုင်ငံရေးကို အားပေးသူတွေ ဖြစ်နေတာပါ။ RCSSက တကယ်စစ်တပ် နဲ့ မတိုက်နိုင်တာကိုလည်း နားမလည်ကြလို့လား၊ စစ်တပ်နဲ့ ပေါင်းစားနေတာ မသိကြတာလား၊ တော်လှန်ရေးဝိဉာဉ်(သို့မဟုတ်) ဦးဆောင်မှု မသဲကွဲလို့ ယောင်ဝါးဝါးနဲ့ စိတ်ပျက်ကုန်တာလား သေချာစိစစ်ဖို့တော့ လိုပါတယ်။
နောက်ဆုံးအရေးပါနိုင်တဲ့အချက်က SSPP နယ်တွေက ရှမ်းပြည်အတွင်းပိုင်းမှာ အများစုဖြစ်နေတဲ့အပြင် စစ်တပ်၊ ပြည်သူ့စစ်တွေအပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပါ နယ်မြေရောစပ်နေတာပါ။ ဒီအတွ် မဟာမိတ်ဟောင်းတွေဖြစ်တဲ့ ကိုးကန့်(MNDAA)၊ တအာင်း(ပလောင်)TNLA တပ်တွေနဲ့လည်း နယ်မြေ အငြင်းပွားပြဿနာ ရှိနေသလို၊ ရှမ်းတပ်ချင်းကလည်း မသက်သာလို့ အပစ်ရပ်စဲထားပေမယ့် ကျားချောင်းချောင်းနေကြတာပါ။ အရေးရယ်အကြောင်းရယ်ဆို နောက်ကျောထိုးနိုင်တဲ့ ဓါးတွေနည်းနည်းများနေတာကိုလည်း ဝမ်ဟိုင်း ဗဟိုကော်မတီဝင်အချို့နဲ့ တာဝန်ရှိသူအချို့က စိုးရိမ်ထိပ်လန့်နေပုံရပါတယ်။ ဒါ့ကြောင့်ပဲ ယခုဖြစ်ရပ်တွေကို ခေါင်းဆောင်မှု အရှုပ်အထွေးတွေကို မြင်နေကြရပုံ ပေါ်ပါတယ်။
#MeKongNews