မဲခေါင်၊ နိုဝင်ဘာ ၂၉
ရှမ်းတိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် ၂ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ဒီနေ့ နိုဝင်ဘာ ၂၉ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဒီလိုအပစ်ရပ်နိုင်ဖို့အတွက် နှစ်ဖက် ဥက္ကဌတွေရဲ့ ညွှန်ကြားချက်နဲ့ ဩဂုတ်လ ၉ရက်နဲ့ ၁၀ရက်မှာ ဆွေးနွေးခဲ့ကြပြီး အဲဒီကတည်းက မြေပြင်မှာတင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတာမဟုတ်ဘဲ မီဒီယာတွေကတဆင့် အမျိုးသားညီညွတ်မှုထိခိုက်စေသော ပုတ်ခတ်ပြောဆိုမှုတွေကိုလည်း ရပ်တန့်နိုင်ခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၉မှာတော့ RCSS ဘက်က တာဝန်ရှိသူ ၄ဦးနဲ့ SSPP ဘက်က တာဝန်ရှိသူ ၃ဦးတို့ တွေ့ဆုံဆွေးနွေးပြီး တရားဝင် ပစ်ခတ်မှုရပ်စဲရေးကို ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလို ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ဖွဲ့အကြား အပစ်ရပ်တာဟာ အချိန်နောက်ကျတယ်လို့ ဆိုနိုင်ပေမယ့် ကြိုဆိုရမယ့်ကိစ္စဖြစ်တယ်လို့ ရှမ်းပြည်အရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးက မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေချိန်မှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းတာမျိုးကိုလည်း ရှောင်ရှားသင့်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ပူးပေါင်းငြင်းဆိုတာမျိုးပါ လုပ်သင့်တယ်လို့ သူက အကြံပြုပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာတော့ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ညီနောင်မဟာမိတ် ၃ဖွဲ့ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
MK – 004
#MeKongNews
#ရှမ်းပြည်
#RCSS
#SSPP
#အပစ်ရပ်