မဲခေါင်၊ ဧပြီ ၂၉
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်မှာ စစ်အာဏာသိမ်း ကာလကတည်းက အထိုင်ချထားတဲ့ ကံကြီး-သံလမ်း စစ်ဆေးရေးဂိတ်ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ရက်က စစ်ဆေးရေးဂိတ်အပြင် အတားအဆီးတွေကိုပါ ဖျက်သိမ်းသွားတာဖြစ်ပြီး ညို့မီးလမ်းဆုံမှာရှိတဲ့ ပအို၀်းပြည်သူ့စစ် PNA ဂိတ်နဲ့ သွားပေါင်းလိုက်တယ်လို့ ဆိုပါတယ်။
မြို့ခံတစ်ဦးက “တကယ်ဖျက်လိုက်တယ်၊ ခုဖြတ်သွားတာ မတွေ့တော့ဘူး၊ ဘာလို့ ညို့မီးဂိတ်ဖက်ပြောင်းသွားလဲတော့မသိဘူး၊ cctv တွေတော့ ကျန်နေသေးတယ်” လို့ ပြောပါတယ်။
တောင်ကြီးမြို့ခံတွေအပြင် ခရီးသွားလာသူ၊ စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေး တက်ကြွလှုပ်ရှားသူတွေဟာ ကံကြီး-သံလမ်း စစ်ဆေးရေးဂိတ်ကိုရှောင်တဲ့အနေနဲ့ ကံကြီးဘုန်းကြီးကျောင်း လမ်းကြား၊ ကံကြီးရပ်ကွက်လမ်းကြားတွေကနေ ပတ်သွားနေတာကြောင့် ဖျက်သိမ်းလိုက်တာလို့ ဂိတ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်အင်အား လျော့နည်းလာတာကြောင့် လည်း ဖျက်သိမ်းလိုက်တာဖြစ်နိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်ထဲ အင်အားကုန်နေလို့ စုပြီးစောင့်တာလား၊ အရင်ထက် ပိုညစ်ချင်တာကြောင့် ရောပြီးစောင့်တာလားတော့ စောင့်ကြည့်ရမှာပေါ့၊ အဲ့ညို့မီးဂိတ်နားရောက်ရင် အရင်ကထက် ပိုရစ်မှာကတော့ သေချာသလောက်ပဲ၊”လို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့ ရှောင်လမ်းကနေ ညို့မီး၊ ဆင်တောင်၊ ဇလဲ၊ ကံကြီး၊ ရွှေညောင် စတဲ့နေရာတွေကို ဆက်သွယ်ထားပြီး ၂၀၁၉ ခုနှစ် မေလလောက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (NLD) လက်ထက်မှာ ဖောက်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
တောင်ကြီး-အေးသာယာ အတက်အဆင်းလမ်းက ထုံးဖိုစစ်ရေးဂိတ်မှာလည်း အရင်က စစ်ကောင်စီတပ်သား ၆ ဦးခန့် စောင့်ကြပ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ၂ ဦးခန့်သာကျန်ရှိတော့တဲ့အပြင် တောင်ကြီး အတက်လမ်း ပစောက်ကွေ့နားက ဆိုင်ကယ်စစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းလိုက်တာလည်း ၆ လခန့် ရှိပြီလို့ စုံစမ်းသိရပါတယ်။
MK-015