မဲခေါင်၊ ဇန်နဝါရီ ၁၉
ဆားလင်းကြီးမြို့နယ်မှ မီးရှို့ခံထားရတဲ့ ကျေးရွာကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဒုတိယ အကြိမ် အဖြစ် လိုအပ်တဲ့ အိမ်သုံးကုန်တွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ်မှ မီးရှို့ခံထားရတဲ့ ကျေးရွာ တစ်ရွာမှ အိမ်ထောင်စု ၉၃ စုကို တစ်အိမ်ထောင် ဒန်အိုး တစ်လုံး၊ ဒယ်အိုး တစ်လုံး၊ ဇလုံ ၂ လုံး၊ ဇွန်း ၃ ချောင်း၊ ဆီ ၅၀ သား၊ ဆန် ၂ ပြည်နှုန်းနဲ့ ဒုတိယ အကြိမ် လှူဒါန်းခဲ့တာလို့ သိရပါတယ်။
“ ဆားလင်းကြီးမြို့နယ်ဟာ ဆိုရင် နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုး မီးရှို့တာ ခံနေရပါတယ်။ စစ်ကောင်စီရဲ့ ယုတ်မာမှုကို အများဆုံးခံရတဲ့ မြို့လည်း ဖြစ်ပါတယ်။ နေအိမ်ပေါင်း ရာချီ ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ ဆားလင်းကြီး ပြည်သူတွေမှာ လိုအပ်ချက်တွေ အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်” လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူ တစ်ဦးက ပြောပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ အနေနဲ့ ပြည်တွင်း ပြည်ပက အကူညီနဲ့ တတ်နိုင်သလောက် ကူညီ လှူဒါန်းပေးနေတာ ဖြစ်ပြီး ဆက်လက် ကူညီ ဖြည့်ဆည်းပေးနိုင်ဖို့ ပြည်တွင်း ပြည်ပက အလှူရှင်တွေ လှူဒါန်းပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
MK-003