မဲခေါင်၊ မတ် ၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မိန်းခေးဒေသမှာ ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် လူငယ်တွေ့ဆုံပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် TYN က ဦးဆောင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ရှမ်းလူငယ်များနေ့ကို ၄ နှစ် အကြာမှာ အခုလို ပြန်လည် ကျင်းပနိုင်ခဲ့တာ ဖြစ်ပြီး ရှမ်းလူငယ်များအသံ ကိုယ်စားပြုရေး၊ စွမ်းရည်ပြည့်ဝတဲ့ ရှမ်းလူငယ်များ ပေါ်ထွန်းလာရေး၊ တိုင်းရင်းသား လူငယ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် TYN ကပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ ချစ်ကြည်ရေး ဘောလုံးပွဲအပြင် ပညာရေး၊ လူငယ်တိုးတက်ရေးနဲ့ ပတ်သက်လို့ ရှမ်းလူငယ် ပညာရှင်တွေ ဟောပြောရာမှာ လူငယ်တွေ တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်လိုအရေးပါကြောင်း ခေါင်းစဉ်နဲ့ ရှမ်းစာပေရေးသားတဲ့ ဆရာ၊ ဆရာမတွေ အပြင် SNLD ပါတီမှ ဦးစိုင်းလိတ် က ရှမ်းကဗျာဆရာ-စာရေးဆရာ ဟိဏ်း (ကာယန်း) အနေနဲ့ ဟောပြောခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်က ဒေါက်တာဘဉာဏ်ရဲ့ မွေးနေ့ဖြစ်တဲ့ မတ်လ ၁ ရက်နေ့ကို ရှမ်းလူငယ်များနေ့အဖြစ် သတ်မှတ်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က သဘောတူခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က ပထမအကြိမ် ရှမ်းလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် သီပေါ- ကျောက်မဲ ကားလမ်း ညာဘက်ခြမ်းရှိ သီပေါစော်ဘွားများနဲ့ ဆွေတော်မျိုးတော်များ အုတ်ဂူ၊ ဒေါက်တာဘဉာဏ် နဲ့ ဇနီး တို့ရဲ့ အုတ်ဂူတွေမှာ ရှမ်းလူငယ်များ တွေ့ဆုံကာ ဒေါက်တာဘဉာဏ် ရဲ့ အတ္ထုပ္ပတ္တိ ဟောပြောခြင်းနဲ့ အုတ်ဂူများ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
MK-010
#MekongNews
#သီပေါမြို့နယ် #ရှမ်းလူငယ်များနေ့ #ဒေါက်တာဘဉာဏ်