မဲခေါင်၊ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီက အခု ဇန်နဝါရီလ အတွင်း CDM ကင်းစင်ရေး စီမံချက် ပြုလုပ်နေပြီး CDM ဝန်ထမ်း ၂၀ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ကျောက်မဲ၊ သီပေါ၊ လားရှိုးစတဲ့ ဒေသတွေမှာ စစ်ကောင်စီက CDM ဝန်ထမ်း ကင်းစင်ရေး စီမံချက်နဲ့ ရှာဖွေ ဖမ်းဆီးနေတာဖြစ်ပြီး CDM ကျောင်းဆရာ၊ ဆရာမ ၁၄ ဦးခန့်နဲ့ ကျန်းမာရေး ဝန်ထမ်း ၄ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
“ စစ်တပ်က CDM ဝန်ထမ်း ကင်းစင်ရေးဆိုပြီး စီမံချက်နဲ့ ဖမ်းနေတာ။ စစ်တပ်ကို ယုံယုံကြည်ကြည်နဲ့ သတင်းသွားပေးတဲ့ Non CDM တွေတောင် ရှိသေးတယ်။ CDM လုပ်ထားတဲ့ ကျောင်းဆရာမတွေက အပြင်မှာ ကျူရှင်သင်ပြီး အေးဆေးနေတာကို မလိုတဲ့ ကျောင်းဆရာမတွေက သတင်းသွားပေးတာပေါ့” လို့ သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။
ရှမ်းမြောက်က CDM ဝန်ထမ်းတွေကို ဇန်နဝါရီလ ဒုတိယပတ်က စတင်ဖမ်းဆီးနေတာဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေမှာ ဖမ်းဆီး စစ်ဆေးကာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်၊ ချုပ်ရက်ရမန် ယူထားတယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးမှုတွေကြောင့် ရှမ်းမြောက်ဒေသက CDM ဝန်ထမ်းတွေ အနေနဲ့ လုံခြုံရာ နေရာတွေကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့နဲ့ အသွားအလာ ဂရုစိုက်ကြဖို့ တော်လှန်ရေး အင်အားစုတွေက နှိုးဆော်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က မူဆယ်မြို့နယ်၊ မုံးကိုးမြို့ အုပ်ချုပ်ရေးမှူးရုံးကိုလည်း CDM ဝန်ထမ်းရှိပါက အကြောင်းကြားဖို့နဲ့ ဥပဒေအရ အရေးယူမယ်လို့ လျှို့ဝှက်စာ ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။
MK-008