မဲခေါင်၊ ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၃,၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
မနေ့က ဇန်နဝါရီ ၂၀ ရက်နေ့ကစပြီး ရေဦးမြို့ထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တောင်ကုန်း၊ ဝက်ဖိုး၊ မြင်းပေါက်၊ ဇဝနဲ့ နှောကုန်းကျေးရွာတွေကို ပစ်ခတ် ဝင်ရောက်တာကြောင့် ကျေးရွာနေ ဒေသခံတွေ ထွက်ပြေး နေရတယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ မူးချောင်းကိုဖြတ်ပြီး နှောကုန်းရွာ အတွင်း ဝင်ရောက်ကာ ရေဦး အနောက်ဘက်နဲ့ တောင်ဘက်တွေကို တပ်ဖြန့် လှုပ်ရှားခဲ့ပြီး မူးသာကုန်းကျေးရွာကို အင်အား ၄၀ ဝန်းကျင်နဲ့ ပစ်ခတ် ဝင်ရောက်ကာ မူးမြစ်ဘေးမှာရှိတဲ့ တဲတွေနဲ့ ခင်ဦးနယ်၊ ရွာသစ်အနောက်ဘက် ပြည်သူတွ အသုံးပြုနေတဲ့ မူးမြစ်ကူး တံတားကို မီးရှို့ဖျက်ဆီး သွားတယ်လို့ သိရပါတယ်။
လက်ရှိ နှောကုန်းရွာဘက်က စစ်ကောင်စီတပ်ဖွဲ့ဟာ ရွှေကျီးမင်းဆီဆိုင်က တဆင့် ရေဦးမြို့ထဲကို ပြန်လည် ဝင်ရောက်သွားပြီး ရေဦး တောင်ဘက်ခြမ်း မူးသာကုန်းရွာဘက်ကနေ ခင်ဦး အနောက်ခြမ်း ရွာသစ်ကျေးရွာ ဘက်သို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သောကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ရေဦးမြို့နယ်ထဲ ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေဟာ မော်လိုက် အခြေစိုက် ခမရ (၃၆၄) နဲ့ မှော်ဘီ-ထူးကြီး အခြေစိုက် ခလရ (၇၀၁) တို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလနဲ့ အခုနှစ် ဇန်နဝါရီလ အတွင်း ရေဦးမြို့နယ် ထဲက ရွာပေါင်း ၂၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Information Ye-U News ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ နဲ့ ၁၅ ရက်တွေမှာ ရေဦးမြို့နယ် ချမ်းသာကြီးကျေးရွာရှိ ၁၂၉ နှစ် သက်တမ်းရှိ ရိုမန်ကတ်သလစ် ဘုရားကျောင်း အပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့ပါသေးတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ဒီဇင်ဘာလကုန်ထိ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းက နေအိမ် ၃၆,၆၆၇ လုံး မီးလောင်ပျက်စီး ခဲ့ရတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုင်ငံတဝှမ်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံ ၁ ဒဿမ ၅ သန်း အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOHCA က ထုတ်ပြန်ထားပါတယ်။
MK-009