မဲခေါင်၊ ဇန်နဝါရီ ၁၉
တပ်တွင်းဖိနှိပ်မှုနဲ့ သတင်း အမှောင်ချထားတာကြောင့် စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ချပြီး CDM ဝင်ရောက်လာတယ်လို့ KNDF တပ်ရင်း (၁၀) သတင်းနဲ့ ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
မနေ့က မနက် အစောပိုင်းမှာ စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ တပ်သား မောင်စိုးဝင်း ၂၃ နှစ်ဟာ KNDF B (10) ထံသို့ လက်နက်နဲ့ တကွ CDM ပြုလုပ်လာခဲ့တာလို့ သိရပါတယ်။
သူဟာ ဒီးမော့ဆိုမြို့နယ် အခြေစိုက် ခမရ (၁၀၂) တပ်ရင်းမှာ ၆ လကြာ ပြောင်းရွေ့ တာဝန်ထမ်းဆောင် နေရသူ ဖြစ်ပြီး တပ်တွင်း ဖိနှိပ်မှုတွေနဲ့ မိဘဆွေမျိုးတွေကိုပင် ဆက်သွယ်ခွင့် မပေးဘဲ သတင်း အမှောင်ချထားတာကြောင့် ထွက်ပြေးကာ CDM ဝင်ရောက်လာတာလို့ သိရပါတယ်။
သူနဲ့အတူ MA-1 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၂၂၆ တောင့်၊ လက်ပစ်ဗုံး တစ်လုံးတို့ ပါလာပြီး KNDF ထံ အပ်နှံကာ CDM ဝင်ရောက်တာကြောင့် တပ်ရင်းမှ မောင်စိုးဝင်းကို ဂုဏ်ပြုငွေ သိန်း ၃၀ ကျပ် ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။
တပ်ရင်း အနေနဲ့ CDM ပြုလုပ်လိုတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အမြဲကြိုဆိုပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၈ နေ့ကလည်း ခမရ (၁၀၂) တပ်မှ တပ်သားတစ်ဦး ခိုလှုံလာခဲ့တယ်လို့ KNDF -10 သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
MK-003