မဲခေါင်၊ ဇန်န၀ါရီ ၂၉
နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး နျူကလီးယားဗုံးကျဲလေယာဉ်၊ တိုက်လေယာဉ်တွေ ဆက်တိုက် တိုက်ခိုက်ဖျက်ဆီးခံနေ ရတဲ့ ရုရှားသမ္မတပူတင်အတွက် နောက်ထပ် ဒေါသထွက်ပေါက်ကွဲစရာအဖြစ် ယူကရိန်းဘက်က ရုရှား ကာမီကာဇီ ဒရုန်းအော်ပရေတာ ၂၄ ယောက်ကို သေဆုံးစေခဲ့တဲ့ ဟိုင်းမား ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှု ရုပ်သံကို ထပ်မံ ထုတ်ပြန်လာခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ဘက်က သိမ်းပိုက်ခံ ဒိုးနက်စ်ဒေသ ဗော့စတော့ဗ်နီရုရှား စစ်အခြေစိုက် လေ့ကျင့်ရေးစခန်းကို အမေရိကန်ထုတ် ဟိုင်းမား ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် ကောင်းကင် ရုပ်သံမှတ်တမ်းနဲ့တကွ ကမ္ဘာသိ ထုတ်ပြလာခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ ရုရှား ကာမီကာဇီဒရုန်း ထိန်းချုပ်မောင်းနှင်သူ စစ်သား ၂၄ ယောက် သေဆုံးခဲ့ ကြောင်း ဇန်နဝါရီ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒုံးကျည်နဲ့ ပစ်ခတ်မှုကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်မှ ယူကရိန်းဘက်က သက်သေရုပ်သံနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ရုရှားက ဒီတိုက်ခိုက်ခံရမှုဟာ ဟိုင်းမားဒုံးကျည်နဲ့တိုက်ခိုက်တာဖြစ်ပြီး အခင်းဖြစ်ဖြစ်ချင်း စစ်သည် ၂၂ ယောက်သေဆုံးကာ စစ်သုံးယာဉ်တွေ ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ နောက်ထပ် အလောင်း ၂ လောင်း ထပ်တွေ့ရတယ်လို့ ထုတ်ပြန်ခဲ့တာကြောင့် ယူကရိန်းဘက်က သေဆုံး မှုအရေအတွက်ကို ထပ်မံအတည်ပြု ထုတ်ပြန်သွားတာဖြစ်ပါတယ်။
ရုရှား ဒရုန်း အော်ပရေတာစစ်သည်တွေဟာ လေ့ကျင့်ရေးစစ်စခန်းမှာ ယူကရိန်းပစ်မှတ်တွေကို မောင်းသူမဲ့ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်ဖို့အရေး စာမေးပွဲဖြေဆိုနေတုန်း ဟိုင်းမားဒုံးကျည် ထိမှန်သေဆုံးခဲ့တာ ဖြစ်ကြောင်းလည်း ရုရှား ပြည်တွင်းသတင်းတွေအရ သိရှိရပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#ဒရုန်း
#သေဆုံး