မဲခေါင်၊ ဧပြီ ၂၃
ဖိလစ်ပိုင်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်ချဲ့အနိုင်ကျင့်မှုကို ဆန့်ကျင်ခြင်းအဖြစ် အကြီးမားဆုံးသော နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၂ ရက်မှာ စတင် လိုက်ပြီဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို Balikatan 2024 လို့ နာမည်ပေးထားပြီး ဖိလစ်ပိုင် စစ်သည် ၅၀၀၀ နဲ့ အမေရိကန်စစ်သည် ၁၁၀၀၀ ပါဝင်ကာ မေလ ၁၀ ရက်အထိ ၁၉ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဖိလစ်ပိုင်နဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုဆိုပေမယ့် ဒီတစ်ကြိမ်ဟာ ဩစတြေးလျ ကာကွယ်ရေးတပ်တွေ၊ ပြင်သစ်ရေတပ်၊ ဂျပန်၊ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံအထိ ပူးပေါင်းပါဝင် လေ့ကျင့်သွားမှာဖြစ်လို့ သမိုင်း မှာ ဖိလစ်ပိုင်အတွက် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်လာခဲ့ပါတယ်။
လေ့ကျင့်သွားမှာက ရေကြောင်း၊ လေကြောင်းလုံခြုံရေး၊ ဒုံးကျည်ရန် ကာကွယ်ရေး၊ ဆိုက်ဘာကာကွယ်ရေး၊ သတင်း အချက်အလက်အော်ပရေးရှင်းလုပ်ငန်းတွေ ပါဝင်ကာ ဖိလစ်ပိုင် ကမ်းခြေ အပြင်ဘက် ရေမိုင် ၁၂ မိုင် အထိ ဖြန့်ကျက်လေ့ကျင့်သွားမှာဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာ အမေရိကန်အပါ ဒီလို အင်အားကြီးနိုင်ငံတွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုကို ထောက်ခံသူရှိသလို ဆန့်ကျင်ကန့်ကွက်သူတွေလည်း အများအပြားရှိနေခဲ့ပါတယ်။
ဆန့်ကျင်သူတွေက ဒီလေ့ကျင့်မှုကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး အာဆီယံဒေသတွင်း ပိုမို ကွဲပြားမှုတွေ၊ နိုင်ငံရေးတင်းမာမှုတွေနဲ့ ကြုံရနိုင်တယ်ဆိုပြီး တရုတ်ဩဇာကို ကြောက်ရွံ့လို့ ဆန္ဒပြအဖွဲ့တွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။
Ref: mehrnews
MKF-001