မဲခေါင်၊ ဇန်နဝါရီ ၃၁
ဇန်နဝါရီ ၂၇ ရက် စနေနေ့က ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်နိုင်ငံအတွင်းက အမေရိကန် Tower 22 စစ်အခြေစိုက်စခန်း စစ်သည်နားနေဆောင်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ အမေရိကန် စစ်သည် ၃ ဦးနာမည်ကို အမေရိကန်ဘက်က ထုတ်ပြန်သွားပြီး အကျိုးဆက်များတဲ့ လက်စားချေမှုပြုလုပ်သွား မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ အီရန်လုပ်ဒရုန်းလက်နက်နဲ့တိုက်ခိုက်တာတွေ့ရပြီး တရားခံဟာ အီရန်ထောက်ပံ့ထားတဲ့ အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) လက်ချက်လို့ တထစ်ချယုံကြည်ကာ အီရန်ကို တိုက်ရိုက်လက်စား ချေတုံ့ပြန်တာမျိုးမဟုတ်ပေမယ့် ပါဝင်ပတ်သက်သူတိုင်းကို ပစ်မှတ်ထား လက်စားချေသွားဖို့ သမ္မတ ဂျိုးဘိုင်ဒန်၊ အမျိုးသားလုံခြုံရေးအသင်းနဲ့ စစ်ဌာနချုပ် ပင်တဂွန်က အဆင့်မြင့်အရာရှိတွေဟာ ဇန်နဝါရီ ၂၉ ရက်နေ့အထိ ၃ ရက်တာတွေ့ဆုံဆွေးနွေးပြီး လက်စားချေတိုက်ခိုက်မယ့် စစ်ဆင်ရေးကို ရေးဆွဲခဲ့ကြတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ဂျွန်ကာဘီက ထုတ်ပြန်ပြောဆိုသွားပါတယ်။
အရှေ့အလယ်ပိုင်းဒေသနဲ့ ပင်လယ်နီအတွင်း အစ္စရေး-ဟားမက်စ် စစ်ပွဲကြောင့် ဒေသတွင်း စစ်ရေးနယ်နိမိတ် ကျယ်ပြန့်လာသလို အီရန်ထောက်ပံ့ အစ္စလာမ္မစ်အစွန်းရောက် လက်နက်ကိုင်တပ်တွေဟာလည်း အစ္စရေး ဘက်က ထောက်ခံပါဝင်တဲ့ အမေရိကန်နဲ့ အနောက်အင်အားစုတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေ ကြတာဖြစ်ပါတယ်။
ဂျော်ဒန်နိုင်ငံ Tower 22 စစ်အခြေစိုက်စခန်းတိုက်ခိုက်ခံရမှုမှာ တပ်ကြပ်ကြီး ဝီလျံ ရီဗာ(၄၆ နှစ်)၊ အထူးတပ်သား ဆန်းဒါး (၂၄ နှစ်)နဲ့ ဘရီယွန်နာမော့ဖက် (၂၃ နှစ်) တို့ ကျဆုံးခဲ့ရပြီး တခြား ၃၄ ယောက် ဒဏ်ရာရသွားတဲ့အတွက် အစ္စရေး-ဟားမက်စ် စစ်ပွဲကာလအတွင်း အရှေ့အလယ်ပိုင်းမှာ ပထမဆုံးသော အမေရိကန်စစ်သား သေဆုံးမှုဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။
အီရန် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနာနီက အမေရိကန်တိုက်ခိုက်ခံရမှုဟာ တခြားနိုင်ငံက လက်နက်ကိုင်အဖွဲ့လက်ချက်ဖြစ်လို့ အီရန်အမိန့်ပေးလို့ရတဲ့ အနေအထားမဟုတ်ကြောင်း၊ အီရန်နဲ့မသက်ဆိုင် ကြောင်း၊ အီရန်ဘက်က အမေရိကန်နဲ့စစ်မဖြစ်ချင်သလို အမေရိကန်ဘက်ကလည်း စစ်ဖြစ်ချင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်သွားပါတယ်။ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ကတော့ အမေရိကန် စစ်သည်တွေ သေဆုံးမှုမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် ဘယ်လောက်အတိုင်းအတာရှိကြောင်း သက်သေပြရမှာဖြစ်လို့ ပတ်သက် သက်ဆိုင်သူတွေအားလုံးကို တာဝန်ခံစေမှာဖြစ်တယ်လို့ ကတိပြုစကားပြောကြားခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#အမေရိကန်
#လက်စားချေ
#သေဆုံး
#သုံးဦး