မဲခေါင်၊ ဧပြီ ၅
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုတို့ မိနစ် ၃၀ ကြာ တယ်လီဖုန်းဆက်သွယ် ပြောဆိုအပြီးမှာ အစ္စရေးအနေနဲ့ ဂါဇာမှာ ပြည်သူတွေကို အကာအကွယ်မပေးတဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင် ထားရှိတဲ့ နှစ်နိုင်ငံမဟာမိတ်မူဝါဒကို ပြောင်းလဲရလိမ့်မယ်လို့ သတိပေးပြောဆိုခဲ့ ကြောင်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဗြိတိန်သား ၃ ယောက်အပါအဝင် ကူညီကယ်ဆယ်ရေး လုပ်အားပေး ၇ ယောက် သေဆုံးခဲ့ရမှုကြောင့် အစ္စရေးရဲ့ စစ်ဆင်ရေးဗျူဟာတွေဟာ ပြည်သူတွေအပေါ် အကာအကွယ်မပေးဘဲ သေဆုံးမှုကို မြင့်တက်စေတယ်လို့ ကမ္ဘာက ဝေဖန်မှုတွေပိုလုပ်လာပါတယ်။
အိမ်ဖြူတော်က နက်တန်ယာဟုဘက်က ဘာတွေပြောသလိုဆိုတာကို ထုတ်ပြန်ခြင်းမပြုပေမယ့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အစ္စရေးအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်သားတွေနဲ့ဂါဇာက ပြည်သူတွေ အပေါ် ချက်ချင်းအကာအကွယ်ပေးဖို့နဲ့ မပေးရင် အမေရိကန်က အစ္စရေးအပေါ် ထားရှိတဲ့ မူဝါဒတွေကို ပြုပြင် ပြောင်းလဲသွားရလိမ့်မယ်လို့ ထုတ်ပြန်ပြောဆိုသွားပါတယ်။
ဒီအခြေအနေအရ အစ္စရေးအပေါ် အမေရိကန်က လက်နက်တင်ပို့ပေးနေမှုတွေကို လျှော့ချသွားတာမျိုး၊ ကုလသမဂ္ဂမှာ အစ္စရေးဘက်က ကာကွယ်ရပ်တည်မှုလျှော့ချသွားတာမျိုးတွေ လုပ်ဆောင်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
လာမယ့် နိုဝင်ဘာမှာ အမေရိကန်ရွေးကောက်ပွဲကျင်းပမှာဖြစ်လို့ ဂျိုးဘိုင်ဒန်ဟာ အစ္စရေးကို ကူညီမှု လျှော့ချခဲ့ရင်တော့ ဒီမိုကရက်တွေနဲ့ အစ္စရေးထောက်ခံသူတွေဆီက မဲရရှိမှု လျော့နည်းသွားနိုင်တဲ့အခြေအနေမှာလည်း ရှိနေပါတယ်။
အမေရိကန်ဘက်က ဒီလိုသတိပေးချက်ထုတ်ပြန်အပြီးမှာ အစ္စရေးဟာ ပိတ်ဆို့ထားတဲ့ ဂါဇာ ကူညီကယ်ဆယ် ရေးဂိတ်တွေကို ပြန်ဖွင့်ပြီး ပါလက်စတိုင်းဒုက္ခသည်တွေအတွက် အကူအညီယာဉ်တန်းတွေကို ပြန်လည် ဝင်ခွင့် ပြုလာတာတွေလည်း ရှိပါတယ်။
Ref: novinite
MKF-001