ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ခရီးသွားဖို့ အတွက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဒီကနေ့၊ မနက်ပိုင်းက လာရောက် စစ်ဆေးသူတွေထဲက တစ်ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်ပိုး တွေ့ရှိတဲ့ အမျိုးသမီးဟာ ကျိုင်းတုံကနေ တာချီလိတ်ကို ကားနဲ့ လာရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တာချီလိတ်ရှိ ဆေးရုံးဟောင်းမှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်စင်တာမှာ လေယာဉ်နဲ့ ခရီးသွားဖို့ လာရောက် စစ်ဆေးရာက ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
“ဒီကနေ့ လေယာဉ်နဲ့ ခရီးသွားဖို့ ထောက်ခံစာ လာလုပ်တာ။ အဲ့မှာ အမျိုးသမီး တစ်ဦး ပိုးတွေ့တယ်” လို့ ၎င်းက ပြောပါတယ်။
တာချီလိတ်ကနေ လာရှိုးမြို့ကို လေယာဉ်နဲ့သွားဖို့ ကိုဗစ် ထောက်ခံစာ လိုတဲ့အတွက် လာရောက်စစ်ဆေး ရာက ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသမီးကို တာချီလိတ် ဝမ်လုံး Quarantine Center ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့နယ်မှာ တကျော့ပြန် ကိုဗစ် ဖြစ်ပွားလာရာ စက်တင်ဘာ ဒုတိယအပတ်က စတင်ပြီး ဒီကနေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၇ ဦး ရှိပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း တာချီလိတ်မြို့မှာ ကိုဗစ် ကူးစက်ခံရပြီး ရောဂါအခံရှိတဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါတယ်။