ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့မှာ ယမန်နေ့ စက်တင်ဘာ ၂၆ ရက်၊ ညပိုင်းက သေဆုံးသွားသူ တစ်ဦးကို စစ်ဆေးရာမှာ ကိုဗစ် ရောဂါပိုး တွေ့ခဲ့တယ်လို့ မဇ္ဈိမ လူမှုကူညီရေးအသင်း ထံကနေ သိရပါတယ်။
ရပ်စောက်မြို့၊ မြို့ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကိုဗစ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာက ပိုးတွေ့ရှိခဲ့တယ်လို့ မဇ္ဈိမ လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
“သူက သတိလစ်နေတယ်လို့ ကြားတယ်။ ရောဂါအခံလည်း ရှိတယ်လို့ သိရတယ်။ ရုပ်အလောင်းကို သင်္ဂြိုဟ်ပြီးသွားပါပြီ” လို့ ၎င်းက ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ဒီကနေ့ စက်တင်ဘာ ၂၇ ရက်၊ မနက်ပိုင်းက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်ကလည်း ရပ်စောက်မြို့မှာ ကိုဗစ်ရောဂါ အတည်ပြု လူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
စက်တင်ဘာလ အတွင်း ရှမ်းပြည်နယ်မှာ ကိုဗစ်ပိုး ကူးစက်ခံရသူ ၁၁၄ ဦးရှိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။