မဲခေါင်၊ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်က ရွှေ့ပြောင်း အလုပ်သမား တစ်ဦး ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၁၅ ရက်၊ ညနေပိုင်းက ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နောင်အင်ရွာက မြန်မာ ရွှေ့ပြောင်း အလုပ်သမား လူငယ်တစ်ဦးဟာ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်နေစဉ် ပျောက်ဆုံးခဲ့ရာက ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၅ နာရီဝန်းကျင်က ဘန်ကောက်မြို့တွင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ခွန်သူရိန်စိုး ပျောက်ဆုံးခဲ့လို့ လိုက်လံရှာဖွေရာ မတွေ့ရှိတဲ့ အတွက် ထိုင်းနိုင်ငံရောက် နိုင်ရာ လူမှုကူညီရေး အသင်းက သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့ကို လူပျောက် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ရာ ဓားဒဏ်ရာ ဒဏ်ချက်တွေနဲ့ သေဆုံးနေတဲ့ အသက် ၃၁ နှစ်အရွယ် ခွန်သူရိန်စိုးရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာတွေ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် နိုင်ရာ လူမှုကူညီရေးအသင်းတို့ လက်တွဲပြီး ပြစ်မှု ကျူးလွန်သူတွေကို စုံစမ်းရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
MK-008