မဲခေါင်၊ ဇန်နဝါရီ ၁၅
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၃) စစ်ဒေသ၊ ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ( SSPDF) ၊ အမှတ် ၁၀၀၅ တပ်ရင်းက ဇန်နဝါရီလ ဒုတိယအပတ်ကစပြီး ရဲဘော်သစ်တွေခေါ်ယူနေတယ်လို့ တပ်ရင်း တာဝန်ရှိသူတဦးက ဇန်နဝါရီလ ၁၃ ရက်နေ့ကပြောပါတယ်။
စစ်အာဏာရှင်စနစ်ကျရှုံးရေး၊ အမျိုးသားတန်းတူအခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အမှတ် (၁၀၀၅) တပ်ရင်း၊ ရှမ်းတောင် (SSPDF) မှာ တာဝန်ထမ်းဆောင်လိုတဲ့ ရှမ်းတောင် ဒေသခံ ရဲဘော်ရဲမေသစ်တွေကို ခေါ်ယူနေတယ်လို့ သိရပါတယ်။
“ရဲဘော်ကတော့ ရှမ်းပြည်ထိုးရင် ကိုယ့်မြို့ကိုယ့်လူလိုတယ်လေ။ မြို့မှာ ကိုယ့်မြို့လုပ်ချင်တဲ့လူငယ်အများဘဲကော။ကြိုဆိုရမယ်။ သူတို့အရည်အချင်းရှိသလောက် မြေတောင်မြှောက်ပေးရမှာပေါ့” လို့ သူက ပြောပါတယ်။
ခေါ်ယူမယ့်ရဲဘော်အရေအတွက် နဲ့ အသက်အရွယ်အပိုင်းအခြား၊ ကျား /မ ကန့်သတ်မထားဘဲ တာဝန်ထမ်းဆောင်လိုသူတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး စစ်သင်တန်းကို တက်ရောက်နိုင်ကာ စစ်အာဏာရှင် စနစ်ကျဆုံးသည်အထိ ပါဝင်နိုင်သူကို စိစစ်ခေါ်ယူမယ်လို့ သိရပါတယ်။
တော်လှန်ရေးကိုစိတ်ပါဝင်စားတဲ့ လူငယ်လူငယ်တွေအနေနဲ့ အမှတ် ၁၀၀၅ လူမှုကွန်ရက်စာမျက်နှာမှာ လာရောက်ဆက်သွယ်နိုင်ပြီး တာဝန်ထမ်းဆောင်ဖို့ စာရင်းပေးထားသူတွေကို အဆင့်ဆင့်စီစစ်ပြီး ပြန်လည်အကြောင်းကြားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမှတ် (၁၀၀၅) တပ်ရင်းက ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက ရှေ့တန်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေပြီး ၃ နှစ်တာကာလအတွင်း တိုက်ပွဲများစွာကိုပါဝင်တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
CJ-004
#MeKongNews
#ရှမ်းတောင်
#ရဲဘော်သစ်
#ခေါ်ယူ
#SSPDF