မဲခေါင်၊ မေ ၂
မဏိပူရပြည်နယ် ဝန်ကြီးချုပ် အင်န်ဘီရန်ဆင်းက မြန်မာနိုင်ငံကလာတဲ့ တရားမဝင်ခိုလှုံသူတွေ များသထက် များလွန်းလာလို့ သူတို့ပြည်နယ်မှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ရွာသစ်ပေါင်း ၉၉၆ ရွာအထိ တိုးလာပြီး လူမျိုးရေး ပဋိပက္ခ၊ တောပြုန်းမှုနဲ့ ဘိန်းစိုက်ခင်းတွေ တိုးတက်လာမှုတွေကြောင့် ကိုင်တွယ်ဖြေရှင်းရခက်ကြောင်း X (အရင် တွစ်တာ) မှာရေးသားအသိပေးသွားခဲ့ပါတယ်။
မဏိပူရမှာ ပုံမှန်မဟုတ်တဲ့ အလွန်များပြားတဲ့ တရားမဝင် နိုင်ငံတွင်းဝင်ရောက် ခိုလှုံနေထိုင်မှုတွေဖြစ်တည်လာ တာကြောင့် တောင်စောင်းတွေ၊ တောစပ်တွေမှာ အစုဖွဲ့နေထိုင်ရာကနေ တောပြုန်းမှုလည်းဖြစ်၊ ဘိန်းစိုက်ပျိုးမှု တွေလည်း တိုးလာပြီး ဒေသတွင်း အစဉ်အလာနဲ့ မတည့်ဘဲ ရန်ပြုတိုက်ခိုက်ကြတဲ့ ကူကီး-ဇိုလူမျိုးစုနဲ့ မိုင်တိုင်း လူမျိုးစုတွေ ပဋိပက္ခကလည်း ကိုင်တွယ်ရ ပိုခက်ခဲလာတာကို အိန္ဒိယဗဟိုအစိုးရက အထူး ဂရုစိုက်ကိုင်တွယ် သင့်ပြီလို့ အင်န်ဘီရန်ဆင်းက ရေးသားလှုံ့ဆော်သွားတာဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရခြမ်းမှာ ကူကီးလူမျိုးစုတွေ အင်အားများတဲ့နေရာမှာ မိုင်တိုင်းလူမျိုးစုတွေ ရှောင်ခွာပြီး နေရာရွှေ့ပြောင်းအခြေချမှုတွေဖြစ်၊ မိုင်တိုင်းလူမျိုးစုတွေ အင်အားများတဲ့နေရာကနေ ကူကီးနဲ့ ဇို လူမျိုးစုတွေ ရွှေ့ပြောင်းနေရာချမှုတွေကြောင့် ရွာသစ်တွေဟာ မှိုလိုပေါက်လာတယ်လို့ ဆိုပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေ ကတည်းက ဖြစ်တည်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ထပ်တိုးလာတဲ့ တရား မဝင်ခိုလှုံသူတွေကြောင့် ၂၀၀၆ နောက်ပိုင်း ဖြစ်တည်လာတဲ့ ရွာသစ်ပေါင်း ၉၀၀ ကျော်ရှိနေခြင်းက ကိုင်တွယ်ရ ခက်တဲ့အနေအထားရောက်နေကြောင်း အင်န်ဘီရန်ဆင်းက ရေးသားဖော်ပြသွားတာဖြစ်ပါတယ်။
၂၀၂၃ မေလအတွင်း ဖြစ်ပွားတဲ့ ကူကီးနဲ့မိုင်တိုင်း လူမျိုးစု တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင် မှုတွေဖြစ်တည်ခဲ့ပြီး လူပေါင်း ၂၁၀ သေဆုံးခဲ့ရပါတယ်။
Ref: ndtv
MKF-001