မဲခေါင်၊ ဩဂုတ် ၂၃
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီ လက်အောက်ခံ EPC ၀န်ထမ်းတွေက မီတာခတွေ အတင်းအကြပ် လိုက်လံ ကောက်ခံနေပြီး တချို့အိမ်တွေ မီတာခ သိန်း ၂၀ ကျော်အထိ ကျသင့်နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ လျှပ်စစ်မီး အချိန်ပိုင်းသာ ရပေမဲ့ မီတာခတွေကတော့ အဆမတန် ကျသင့်နေပြီး မီတာဖြတ်ပိုင်းမှာပါတဲ့ ငွေတွက်ချက်မှုတွေလည်း မှားယွင်းနေတယ်လို့ ဆိုပါတယ်။
“အခုက ကြွေးကျန်ပါ တောင်းနေတာ။ ကြွေးကျန် ဆိုတာကလည်း ဇူလိုင်လ တစ်လလောက်ပဲ ၁၀ သိန်းကျော်။ ဒီလမှာ ၁၂ သိန်းကျော် ဖြစ်နေတယ်။ ၂ လစာပေါင်းက သိန်း ၂၀ ကျော် ဖြစ်နေပြီ။ သူတို့ (EPC) က အိမ်မှာ မီတာ လာဖတ်တာလည်း မဟုတ်ဘူး” လို့ ဒေသခံ တစ်ဦးက ရှင်းပြပါတယ်။
အခုလို ကျပ်သိန်းဆယ်ချီ ကျသင့်နေပေမဲ့ မီးမလာတဲ့ အချိန်များသလို ဖြတ်ပိုင်းမှာ ရေးထားတဲ့ ဈေးနှုန်းနဲ့ EPC ၀န်ထမ်းတွေ လာရောက် ကောက်ခံတဲ့ ငွေပမာဏ မတူဘဲ တောင်းချင်သလို တောင်းနေတယ်လို့ ဆိုပါတယ်။
မဲခေါင်သတင်းဌာနက ရရှိထားတဲ့ မီတာဖြတ်ပိုင်းမှာတော့ ဩဂုတ်လ ၂၅ ရက်မတိုင်ခင် ကျသင့်ငွေ ပေးဆောင်ဖို့နဲ့ မပေးနိုင်ပါက မီးဖြတ်မယ်လို့ သတိပေးထားတာကို တွေ့ရပါတယ်။
လွိုင်ကော်မြို့ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မြို့တွင်းလမ်းတွေမှာ စစ်ကောင်စီတပ်က ဂိတ်တွေချပြီး ဆိုင်ကယ်၊ ကားတွေ ဖမ်းဆီး ငွေညှစ်တာ၊ စည်ပင်အခွန်တွေ တိုးကောက်တာနဲ့ လူငယ်တွေကို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
MK-007
#MekongNews
#လွိုင်ကော်မြို့
#EPC
#စစ်ကောင်စီ