မဲခေါင်၊ မေ ၁၅
မိုခါ မုန်တိုင်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ စစ်တွေမြို့ အနီးကနေ တစ်နာရီ မိုင် ၁၂၀ နှုန်းနဲ့ မနေ့ မေလ ၁၄ ရက်၊ တစ်ရက်လုံး တိုက်ခတ် ဖြတ်ကျော်ခဲ့ပြီး ဖြစ်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ပြောဆိုလိုက်ပါတယ်။
ရခိုင် ကမ်းရိုးတန်းကနေ ဖြတ်ကျော်ခဲ့ပြီးနောက် အရှေ့မြောက် ကုန်းတွင်း ဒေသတွေဖြစ်တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း တို့ကို ဖြတ်ကျော်ပြီး မေလ ၁၅ ရက်မှာ မိုခါမုန်တိုင်းက အားပျော့ ပျက်ပြယ်သွားမယ်လို့ အိန္ဒိယ မိုးလေဝသဌာနက က ထုတ်ပြန်ထားတယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
ချင်းပြည်နယ်မှာ တစ်နာရီ ၈၆ မိုင်နှုန်း၊ စစ်ကိုင်းတိုင်းမှာ တစ်နာရီ မိုင် ၅၀ နှုန်းနဲ့ ကချင်ပြည်နယ်မှာ တစ်နာရီ ၂၈ မိုင်နှုန်းသာ တိုက်ခတ်ပြီး အားပျော့ ပျက်ပြယ်သွားမှာ ဖြစ်ကာ ချင်းပြည်နယ်မှာ မိုးရေချိန် ၁၀ လက်မ ဝန်းကျင် ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
စစ်တွေမြို့မှာတော့ မနေ့က မုန်တိုင်း တိုက်ခတ်မှုကြောင့် မြို့ထဲမှာ ရှိတဲ့ အကြီးဆုံး ဆက်သွယ်ရေး တာဝါတိုင် ပြိုလဲခဲ့ပြီးနောက် အင်တာနက်နဲ့ ဖုန်း ဆက်သွယ်ရေးတွေ ပြတ်တောက်သွားပါတယ်။
စစ်တွေမြို့က သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ မနေ့က ညနေအထိ မြို့ထဲမှာ ရေတွေ အလုံးအရင်း ဝင်နေပြီး လူရာနဲ့ချီ အိမ်တွေပေါ်မှာ ပိတ်မိနေလို့ အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
လူတွေ ပိတ်မိနေပေမဲ့ ရေတွေ အလုံးအရင်း ဝင်လာတာနဲ့ လေပြင်းထန်စွာ တိုက်ခတ်နေတာကြောင့် ကူညီကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ကူညီဖို့ ခက်ခဲနေတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့သား တစ်ဦးက ပြောပါတယ်။
MK-007
#MekongNews
#မိုခါ
#ရခိုင်
#ချင်းပြည်နယ်