မဲခေါင်၊ မတ် ၂၅
ရှမ်းပြည်တောင်ပိုင်း၊ သီပေါမြို့နယ်က ဘော်ကြိုဘုရားပွဲဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ စောင့်ခဲ့တာကြောင့် လောင်းကစားဝိုင်းတွေ မပါဘဲ ပြီးဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နှစ်စဉ်ကျင်းပနေကြ အထင်ကရ ဘော်ကြိုဘုရားပွဲမှာ မနှစ်ကအထိ လောင်းကစားဝိုင်းတွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ဘုရားပရဝဏ်အတွင်းမှာ ရှမ်းနဲ့ပလောင် လက်နက်ကိုင်နှစ်ဖွဲ့က နေရာယူထားလို့ လောင်းကစားဝိုင်းတွေ မပါတဲ့ ဘုရားသမိုင်းမှာထူးခြားတဲ့ နှစ်လို့ မှတ်တမ်းတင်ရတော့မယ်လို့ ဆိုပါတယ်။
“မနှစ်ကတော့ လေးကောင်ဂျင်နဲ့ဂုံးကင်းတွေပါတယ်၊ ၃၆ ကောင်ပဲ မပါတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနှစ်မှာ ကားလမ်းပေါ်က မုဒ်ဦး ၂ ခုမှာ တစ်ခုစီကို SSPP နဲ့ TNLA အဖွဲ့တွေက နေရာယူထားကြပြီး လုံခြုံရေးယူတဲ့ ၂ ဖွဲ့၊ လတ်တလောစစ်ရေးအခြေအနေတွေကြောင့် ဘာကစားဝိုင်းမှ မပါဘူးလို့ သိရပါတယ်။ နှစ်တိုင်းလုံခြုံရေးယူနေကြ ရဲတွေတော့ မတွေ့ရဘူးလို့ပြောပါတယ်။
အရင်နှစ်တွေက ရပ်ဝေးနဲ့ဖြတ်သွားခရီးသည်တွေ လာဖူးခဲ့ကြပေမယ့် ဒီနှစ်တော့ စစ်ရေးပူနေတဲ့ ဘုရားပွဲအချိန်၊ တံတားတွေကျိုးပြီး ခရီးသွားခက်နေတဲ့ အချိန်ဖြစ်လို့ ယခင်နှစ်တွေလောက် စည်ကားမှုသိပ်မရှိခဲ့ဘူးလို့ သိရပါတယ်။
ဘော်ကြိုဘုရားပွဲကို အနယ်နယ်အရပ်ရပ်က မိုင်းကိုင်စဉ့်ထည်၊ ပန်းဘဲကိရိယာဆိုင်၊ ရှမ်းရိုးရာအထည်ဆိုင်၊ ဝက်သားချဉ်၊ ပုစွန်ချဉ်၊ ငါးချဉ်ဆိုင်တွေ ရိုးရာသရေစာ ခေါက်တွန်၊ ခေါက်တော်ဆိုင်တွေ၊ ဆယ့်နှစ်ပွဲဈေးသည်တွေနဲ့ ငါးပိ၊ ငါးခြောက်၊ စားသောက်ကုန်တွေ ဘီယာနဲ့အကင်ဆိုင်တွေလာရောက်ရောင်းချကြပေမယ့် ဒီနှစ်တော့ ဒေသခံဆိုင်တွေလောက်ပဲ ရှိပေမယ့် မတ် ၂၄ ရက် တပေါင်းလပြည့်နေ့ ဘုရားပွဲနောက်ဆုံးရက်မှာတော့လူတိုးရတဲ့အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘော်ကြိုဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း ၇ ရက်က လပြည့်နေ့အထိ တစ်ပတ်ကြာ ကျင်းပနေတာဖြစ်ပြီး တပေါင်းလပြည့်ကျော် ၁ရက်က စကာ မန္တလေး ဒုဌဝတီမြစ်ဘေးက ရွှေစာရံဘုရားပွဲ စတင်ပြုလုပ်တယ်လို့ သိရပါတယ်။
MK-012