မဲခေါင်၊ ဧပြီ ၁
ရှမ်းပြည်အရှေ့ပိုင်းရဲ့ လေထုညစ်ညမ်းမှုဟာ ခရမ်းရောင်အဆင့်ကို ရောက်နေလို့ တာချီလိတ်မှာ ရေဖြန်းပက်နေရတယ်လို့ ဒေသသတင်းအရင်းအမြစ်အရ သိရပါတယ်။
ဧပြီလ ၁ ရက် မနက် ၇ နာရီ တိုင်းတာချက်အရ တာချီလိတ်မြို့ရဲ့ လေထုအရည်အသွေးဟာ PM 2.5 (Very Unhealthy) ခရမ်းရောင်အဆင့် ရောက်နေတာကို ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနတိုင်းတာချက်အရ မီးသတ်ကားတွေနဲ့ မနက် ၁၀ နာရီက စပြီး မြို့တွင်းမှာ ရေလိုက်ဖြန်းနေတယ်လို့ သိရပါတယ်။
တာချီလိတ်ရဲ့ လေယာဉ်ကွင်းလမ်းဆုံ၊ မြို့ဝင်မုဒ်ဦး၊ ကားလေးကွင်းရှေ့၊ တံတား၂ မီးပွိုင့်၊ ပုံလို့လမ်းဆုံနဲ့ အထကကျောင်း၊ ခရိုင်စုပေါင်းရုံးနေရာတွေမှာ ရေမှုန်ရေမွှားပက်ဖျန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်လို နယ်စပ်မျဉ်းနားက မိုင်းဆတ်၊ မိုင်းတုံ ဘက်တွေမှာလည်း လေထုညစ်ညမ်းမှုဟာ မီးခိုးမြူငွေ့တွေကြောင့် မှုံမှိုင်းနေပြီးမီးခိုးပြာတွေ လေထုထဲ လွင့်စင်နေတာအများအပြားရှိနေတာဖြစ်လို့ ဒေသခံတွေရဲ့ကျန်းမာရေး အလွန်ထိခိုက်နေပေမယ့် တာချီလိတ်လို မီးသတ်ကားနဲ့ ရေဖြန်းတာတွေ လုပ်တာ မရှိဘူးလို့ သိရပါတယ်။
တောင်ယာမီးရှို့တာ၊ ယုံလိုက်မုဆိုးတွေက မီးရှို့တာ၊ ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး မီးလောင်တာတွေကြောင့် လေထုညစ်ညမ်းရတာဖြစ်ပြီး တောင်ယာမီးရှို့တာကို တားမြစ်ပေမယ့် လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံအရှေ့ခြမ်းနဲ့ထိစပ်နေတဲ့ ထိုင်းနယ်စပ်မြောက်ပိုင်းဟာ မီးခိုးမြူငွေ့တွေကြောင့် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးစာရင်းမှာ ပါဝင်နေတယ်လို့ ကမ္ဘာ့သတင်းတွေ၊ ထိုင်းနိုင်ငံသတင်းဌာနတွေက ထုတ်လွှင့်ချက်တွေအရ သိရပါတယ်။
ကမ္ဘာမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်သေဆုံးသူ သန်းနဲ့ချီပြီးရှိနေကာ ထိခိုက်သူ ၆ သန်းကျော်ရှိနေတယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
MK-012