မဲခေါင်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ မြို့ခံပြည်သူတွေရဲ့ ထောက်ခံမှု ရရှိအောင် စစ်ကောင်စီခန့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်သစ် ဖြစ်တဲ့ ဦးအောင်အောင်က တစ်မြို့လုံး ရေပေးဝေနိုင်ဖို့ စီစဉ်နေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
တောင်ကြီးမြို့တွင်း ရေမရရှိတဲ့ မြို့စွန်ရပ်ကွက်တွေကို ရေပေးဝေနိုင်ဖို့ ဒီနေ့ (ဖေဖော်ဝါရီ ၈) စာရင်းတွေ လိုက်ကောက်နေတယ်လို့ ကျောင်းကြီးစုရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“အဝီစိတွင်း မတူးနိုင်တဲ့ အိမ်တွေကို ပေးမယ်ပေါ့။ အယုံကြည်လည်း မရှိပါဘူး။ တက်လာတဲ့ အစိုးရတိုင်းက လုပ်နေတာပဲဟာ။ အစိုးရလဲတိုင်း ကောက်နေတာပဲ။ ဘာမှလည်း ဖြစ်မလာပါဘူး။ ဒီတခါကတော့ တောင်ကြီးပြည်သူတွေဆီ မျက်နှာရအောင် တကယ်ပေးမယ်လို့ ရာအိမ်မှူးက ပြောသွားတာပဲ”
အခုလို ရေပေးဝေဖို့ စီစဉ်နေပေမယ့် အခမဲ့ စနစ်မဟုတ်ဘဲ ရေထည့်တဲ့အပေါ် မူတည်ပြီး ကုန်ကျစရိတ် ပေးရမှာ ဖြစ်တာကြောင့် ရေကားဝယ်သုံးရတာက ပိုအဆင်ပြေနိုင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ရေရှားပါးတဲ့ တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်ကစပြီး NLD အစိုးရလက်ထက်အထိ တစ်မြို့လုံး ရေပေးဝေရေး အစီအစဉ်တွေ စီစဉ်ခဲ့ကြပေမယ့် လက်ရှိ စစ်အာဏာသိမ်းပြီးကာလအထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။
တောင်ကြီးမြို့တွင်း ဂနိုင်ကန် အမှတ် ၁၊ ၂၊ ၃ အပါအဝင် ဘဲဥကန်၊ ရုရှားကန်တို့ကနေ နီးစပ်ရာ ရပ်ကွက်တွေကို ရေပေးဝေနေပေမယ့် မိုးတွင်းကာလ တစ်ခုလောက်သာ အဆင်ပြေပြီး နွေရာသီနဲ့ ဆောင်းရာသီမှာ ရေခန်းခြောက်တာကြောင့် အဝီစိမတူးနိုင်တဲ့ အိမ်တွေက ရေကား ဝယ်သုံးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကိုကိုဟာ အရင် ရှမ်း – ကရင်နီ အထူးစစ်ဆင်ရေးမှူး ဗိုလ်ချုပ်ဘဝကနေ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ပြောင်းရွှေ့လာတာဖြစ်ပြီး ဦးအောင်ဇော်အေးနေရာ အစားထိုးခန့်အပ်လိုက်တာပဲ ဖြစ်ပါတယ်။
CJ-007
#MeKongNews
#ရှမ်းပြည်
#ဝန်ချုပ်
#စည်းရုံး
#စစ်ကောင်စီ