မဲခေါင်၊ မတ် ၂၀
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ဒရုန်းတပ်ဖွဲ့ဝင်တွေ မတ် ၁၉ ရက်မနက်ပိုင်းက တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ ၁ ဦးသေပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU မူတြော် က ထုတ်ပြန်ပါတယ်။
အဲ့ဒီလို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီလေယာဥ်တွေက မူတြော်ခရိုင်အတွင်း တနေကုန်ကင်းထောက် ပျံဝဲခဲ့တယ်လို့ မူတြော်ခရိုင် ထုတ်ပြန်ချက်က ဆိုပါတယ်။
မတ် ၁၈ ရက်ကလည်း ဖာပွန်မြို့အခြေစိုက်စစ်ကောင်စီတပ်မှ လူသောမြို့နယ်၊ ပတ်လားကျေးရွာအတွင်းသို့ ၁၂၀ မမအမြောက်(၂)လုံး ပစ်ခတ်ခဲ့လို့ ပြည်သူပိုင်ကျွဲတစ်ကောင်သေဆုံးသွားပြီး (၂) ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ညပိုင်းမှာလည်း မူတြော်ခရိုင်၊ ခေါပူကျေးရွာအုပ်စုအတွင်းရှိ လေးကွယ်လိုရွာအတွင်းသို့ ၁၂၀မမ (၂) လုံးနဲ့ တာခူဒဲကျေးရွာအတွင်း တစ်လုံးပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ပုံအညွှန်း- ဖာပွန်ခရိုင်အတွင်းမှာ နှစ်ပေါင်း ၃၀ ခန့် တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ မော်ဖူးဗျူဟာတပ်စခန်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ စွန့်ခွာသွားပြီးနောက် သိမ်းမိခဲ့တဲ့ လက်နက်ခဲယမ်းများ