မဲခေါင်၊ ဧပြီ ၁၇
မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကပစ-၂၁ (ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ) ကို ဧပြီ ၁၆ ရက် မနက်ပိုင်းက PDF တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကပစ-၂၁ ရဲ့ စစ်ရေးပစ်မှတ် နေရာ ၂၀ ကို အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေက တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ခိုက်တဲ့ စစ်ဆင်ရေးရည်မှန်းချက် အောင်မြင်ခဲ့ပြီး ကပစ-၂၁ ရဲ့ ထိခိုက်ပျက်စီးမှုကို စုံစမ်းနေဆဲလို့ ထုတ်ပြန်ပါတယ်။
မကွေးတိုင်းဒရုန်း လက်ရုံးတပ်၊ တိုင်းရုံး တိုက်ခိုက်ရေးအဖွဲ့၊ ပခုက္ကူခရိုင် အမှတ် (၁၊ ၄၊ ၅၊ ၈၊ ၁၁၊ ၁၉) တပ်ရင်းများ၊ ဂန့်ဂေါခရိုင် အမှတ် (၃၊ ၅၊ ၆၊ ၁၃) တပ်ရင်းများ၊ မကွေးခရိုင် အမှတ် (၁) တပ်ရင်းနဲ့ သခင်ဖိုးလှကြီးအဖွဲ့တို့က စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။