မဲခေါင်၊ မတ် ၁၄
နေတိုးအဖွဲ့ စတင်ထူထောင်တဲ့နိုင်ငံတွေထဲမှာ ပါဝင်တဲ့ ဒိန်းမတ်နိုင်ငံဟာ အနောက်နိုင်ငံတွေအပေါ် ရုရှားရဲ့ စစ်ရေးခြိမ်းခြောက်လာမှုအပြောင်းအလဲ အခြေအနေတွေကြောင့် နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုး သမီးများကိုပါ စစ်မှုထမ်းစေမယ့် ဥပဒေပြဌာန်းတော့မှာဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။
ဒိန်းမတ် ဝန်ကြီးချုပ် မတ်တီဖရက်ဒရစ်ဆန်က အရင် မူဝါဒမှာ စစ်မှုထမ်းလူငယ်တွေ တိုးမြင့်လာအောင်သာ ချမှတ်ခဲ့တာဖြစ်ပေမယ့် ဥရောပတိုက်ရဲ့ လုံခြုံရေးအခြေအနေ ပိုပြီး စိုးရိမ်လာရတဲ့ ခြိမ်းခြောက်မှု အပြောင်းအလဲ အခြေအနေတွေရှိလာလို့ အမျိုးသမီးတွေကိုပါ မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေ ပြဌာန်းတော့မှာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ ဥပဒေစတင်အတည်ပြုပြီး ၂၀၂၆ ခုနှစ်မှာ စတင် အကောင်အထည်ပေါ်လာစေမှာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုသွားပါတယ်။
ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာမှုကြောင့် ဥရောပကို စစ်ခင်းလာနိုင်တဲ့ ရုရှားရန်ဟာ ပိုမိုစိုးရိမ်စရာ ကောင်းလာတဲ့အတွက် ပရော်ဖက်ရှင်နယ် စစ်သား ၉၀၀၀ သာရှိတဲ့ ဒိန်းမတ်မှာ အခြေခံစစ်သင်တန်းကို ၁၈ နှစ် ကျော်ပြီး ကျန်းမာကြံခိုင်တဲ့ ယောက်ျားလေးတွေ မဲ စနစ်ကောက်ခံပြီး ၄ လ တက်ရောက်သင်ကြားရာကနေ မကြာခင် နောက် ၇ လ စစ်သင်တန်းသက် ထပ်တိုးပြီး လက်တွေ့ စစ်ရေးပညာရပ်တွေကိုပါ တိုးသင်ဖို့ စီစဉ်နေပါတယ်။
လက်ရှိ အရန်သင်တန်းသား စစ်သည်လည်း ၄၇၀၀ သာရှိတာကြောင့် ရုရှားဘက်က ကျူးကျော်လာခဲ့ ရင် တွန်းလှန်ဖို့ အင်အားမရှိတဲ့အတွက် အမျိုးသမီးစစ်မှုထမ်းဥပဒေကိုပါ အတည်ပြုဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါ တယ်။
ဒိန်းမတ်ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတိုင်း သုံးရမယ့် ကာကွယ်ရေးစားရိတ် ပြည့်မီစေဖို့ နောက် ၅ နှစ်အတွက် ကာကွယ်ရေး အသုံးစားရိတ်ကို နိုင်ငံ GDP ရဲ့ ၂ . ၄ ရာခိုင်နှုန်းရှိတဲ့ ဒိန်းမတ်ငွေ ၄၀ . ၅ ဘီလီယံခရောင်း (ဒေါ်လာ ၅ . ၉ ဘီလီယံ) တိုးမြှင့်သုံးစွဲသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။
ဒိန်းမတ်ရဲ့ အိမ်နီးချင်း စကင်ဒီနေးဗီးယန်းနိုင်ငံဖြစ်တဲ့ ဆွီဒင်ဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကမှ နေတိုးအဖွဲ့ဝင်နိုင်ငံ အဖြစ် တရားဝင်အသိအမှတ်ပြုခံလိုက်ရပြီး ၂၀၁၇ ခုနှစ်ကတည်းက နိုင်ငံအတွင်း အမျိုးသားရော အမျိုးသမီး တွေပါ စစ်မှုထမ်းရမယ့် ဥပဒေ ပြဌာန်းခဲ့သလို အိမ်နီးချင်း နော်ဝေဟာလည်း ၂၀၁၃ ခုနှစ်ကတည်းက အမျိုးသား၊ အမျိုးသမီး အားလုံး စစ်မှုထမ်းရမယ့် ဥပဒေ ပြဌာန်းခဲ့ပါတယ်။
Ref: Aljazeera
MKF-001