မဲခေါင်၊ မေ ၅
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာ အနီးရှိ လမ်းကြေးကောက်ခံတဲ့ အိုရီယမ်တယ် တိုးဂိတ်ကို အမည်အသိ လူ ၈ ဦးက မေလ ၃ ရက်မှာ ဓားပြတိုက်သွားလို့ လမ်းကြေးကောက်ခံရငွေတွေ အကုန်ပါသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဆိုပါ တိုးဂိတ်မှာ အမျိုးသား ၂ ဦး တာဝန်ကျနေချိန် ဓားကိုယ်စီ ကိုင်လာတဲ့ လူ ၈ ဦးက ငွေတောင်းခံရာ ဝန်ထမ်း ၂ ဦးက လမ်းကြေးတွေ အထက်က လာသိမ်းသွားပြီလို့ ပြောပေမဲ့ ရိုက်နှက်ပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်လို့ လမ်းကြေးကောက်ထားတဲ့ ငွေတွေ ထုတ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။
ဒီလို ခြိမ်းခြောက်ခဲ့လို့ ဝန်ထမ်း ၂ ဦးက မီးခံသေတ္တာထဲမှာ သိမ်းထားတဲ့ ငွေကျပ်သိန်း ၄၀ ကျော် ဓားပြတွေကို ပေးလိုက်ရတယ်လို့ ဆိုပါတယ်။
ဓားပြတွေကတော့ ငွေယူပြီးနောက် တွန်မုံကျေးရွာဘက် ပြန်ထွက်သွားတယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းမြောက်မှာ ဓားပြမှု၊ ပြန်ပေးဆွဲမှုတွေ၊ ဆိုင်ကယ်နဲ့ ကားခိုးယူမှုတွေ နေ့စဉ် ဖြစ်နေပေမဲ့ သက်ဆိုင်ရာက ဖမ်းဆီးနိုင်တာ မရှိဘူးလို့ လားရှိုးမြို့ခံ တစ်ဦးက ပြောပါတယ်။
MK-007
#MeKongNews
#သိန္နီမြို့နယ်
#အိုရီယမ်တယ်တိုးဂိတ်
#ဓားပြတိုက်