မဲခေါင်၊ မတ် ၁၁
လှည်းကူးမြို့နယ်က နေအိမ်တစ်လုံးကို မတ်လ၁၀ရက်ညပိုင်းက အမျိုးသား၇ယောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ကားတစ်စီးနဲ့ ငွေကျပ်သိန်း၁၀၀ ကျော် လုယူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ်လ ၁၀ရက်နေ့၊ ည ၇နာရီဝန်းကျင်က လှည်းကူးမြို့နယ်၊ ကျောက်ကုတင်ရွာရှိ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးကိုကိုနေအိမ်သို့ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၇ယောက် လက်နက်တွေနဲ့ရောက်ရှိလာပြီး ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ လှည်းကူးဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ ကားကတော့ မာစီဒီးကားကိုယူသွားတာ။ ဒီရွာမှာတော့ သူတို့ကလည်းဆရာကြီးတွေပါ။ ပိုက်ဆံကတော့ သိန်းတစ်ရာကျော်လောက် ပါသွားတယ်ကြားတယ်။ လူတွေကိုတော့ ဘာမှလုပ်မသွားဘူး။ သူတို့မိသားစုဝင်တွေအားလုံး ဧည့်ခန်းမှာချုပ်ပြီး ထားခဲ့တာ။ အိမ်ထဲဝင်မွှေပြီးမှ ပိုက်ဆံနဲ့ကားကိုယူပြီး ထွက်သွားတာလို့ပြောတယ်” လို့ သူက ပြောပါတယ်။
အဲဒီရွာမှာ ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ လှည်းကူးမြို့နယ်အတွင်း စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ဓားပြတိုက်ခဲ့သူတွေကိုတော့ ဖမ်းဆီးရမိခဲ့တာမရှိဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၂ရက်နေ့၊ ည၈နာရီဝန်းကျင်ကလည်း လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ၄လမ်းမှာရှိတဲ့ နေအိမ်တစ်လုံးမှာ ကလေးငယ်တစ်ဦးအပါအဝင် မိသားစုအားလုံး သတ်ဖြတ်ခဲ့တဲ့ ၅လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ပေမယ် စစ်ကောင်စီက ဒီနေ့အထိတရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
MK-005