မဲခေါင်၊ ဇူလိုင် ၁၆
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပိုင်ရှင်မဲ့ ဆိုင်ကယ် ၃ စီး ဖမ်းဆီးရမိသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။
ယနေ့ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ဟောင်လိတ် ရဲစခန်းမှ တာချီလိတ်မြို့ ဝမ်မိုင်၊ ဝမ်ကောင်းနှင့် မယ်ခေါင်ရပ်ကွက် အတွင်း၌ ပတ်ကင်း၊ လှည့်ကင်း၊ ပိတ်ဆို့ စစ်ဆေးရေးလုပ်ရာမှ တဆင့် သိမ်းဆည်းရမိသည်ဟု သိရသည်။
ဆိုင်ကယ်များ သိမ်းဆည်းရမိသည့်အခြေအနေမှာ ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာနှင့် ကျောက်တောင်အတက် လမ်းဆုံအနီးတွင် Wave 110 အမျိုးအစား နက်ပြာရောင် ဆိုင်ကယ်တစ်စီး၊ ဝမ်မိုင်ရွာ မြို့ပတ်လမ်းတွင် CLICK 125 အမျိုးအစား အဖြူရောင်ဆိုင်ကယ် တစ်စီးနှင့် မယ်ခေါင်ရပ်ကွက် ၄ လမ်း မယ်ဆိုင်ချောင်းဘေးတွင် Wave 125 အမျိုးအစား ဖြူ/နီကြား ဆိုင်ကယ်တစ်စီး၊ စုစုပေါင်းဆိုင်ကယ် ၃ စီးကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
“သူခိုးတွေက ဖမ်းခံရမှာ ကြောက်လို့ လာပစ်ထားတာလား၊ ဖမ်းမိတာကို ပိုင်ရှင်မဲ့လုပ်လိုက်တာလား မပြောတတ်ဘူး။ ဘာပဲဖြစ်ဖြစ် ခိုးခံရတဲ့သူတွေ ပြန်ရတာပေါ့။ ဝစ်သောက်က ပြန်ရပါ့မလား မသိဘူး။ ဖမ်းနေတော့လေ” ဟု မယ်ခေါင်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
တာချီလိတ်တွင် ဆိုင်ကယ်သူခိုးများဖမ်းမိသည်ဆိုသော်လည်း ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းအထိ ဆိုင်ကယ်များ အခိုးခံရဆဲ၊ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်ပျောက်ဆုံးနေသည့် ပိုင်ရှင်များအနေနှင့် မြို့မရဲစခန်းသို့ အထောက်အထားဖြင့် လာရောက် တိုက်ဆိုင်စစ်ဆေး ထုတ်ယူနိုင်ကြောင်း သိရှိရသည်။
တာချီလိတ်မြို့အတွင်း ယခု ဇူလိုင်လ ၂ ပတ်တာအတွင်း ဆိုင်ကယ်သူခိုး ၅ ဦးကို ဖမ်းဆီးရမိပြီး ဖော်ထုတ်ဖမ်းဆီးရမိသည့် ဆိုင်ကယ် ၁၃ စီးနှင့် ယခု ပိုင်ရှင်မဲ့ ဟုဆိုသည့် ဆိုင်ကယ် ၃ စီး အပါအဝင် စုစုပေါင်း ၁၆ စီး ပြန်လည်ရရှိပြီ ဖြစ်သည်။
မဟာ
#MeKongNews
#တာချီလိတ်
#ဟောင်လိတ်ရဲစခန်း
#ဆိုင်ကယ်ခိုးမှု
#ပိုင်ရှင်မဲ့








