မဲခေါင်၊ နိုဝင်ဘာ ၈
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီခန့်တွင် တောင်တိုရေလယ်ကျေးရွာနေ ကျော်ချစ်ထွေးနှင့် သူငယ်ချင်းတစ်ဦးတို့သည် တောင်တိုကျေးရွာအနောက်ဘက်ရှိ လယ်ကွင်းတစ်ခုတွင် ဂိမ်းဆော့နေစဉ် PNA တပ်ဖွဲ့ဝင် ၃ ဦး ရောက်ရှိလာပြီး ဖမ်းဆီးရန်ကြိုးစားခဲ့ကြောင်း သိရသည်။ ထိုသို့ ဖမ်းဆီးရန်ကြိုးစားစဉ် လူငယ်နှစ်ဦး ထွက်ပြေးခဲ့ရာမှ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် ကျော်ချစ်ထွေး၏ ဘယ်ဘက်ပေါင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး နန်းပန်တိုက်နယ်ဆေးရုံမှတစ်ဆင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
“ဘာအပြစ်မှမရှိဘဲ လူငယ်တွေကို လာဖမ်းဖို့ကြိုးစားပြီး သေနတ်နဲ့ပါ ပစ်ခတ်တာက ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အလွန်စိုးရိမ်စရာကောင်းပါတယ်။ အခုဆို လူငယ်တွေဟာ ကိုယ့်ခြံ၊ ကိုယ့်တောင်ယာကိုတောင် စိတ်ချလက်ချ သွားလာဖို့ မရဲကြတော့ဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဒေသခံသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ ပစ်ခတ်မှုတွင် ပါဝင်ခဲ့သူများသည် ကလောနှင့် ညောင်ရွှေမြို့နယ်အနောက်ခြမ်းတွင် လှုပ်ရှားနေသည့် PNA တပ်ရင်း (၇) လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။ အဆိုပါတပ်ဖွဲ့ဝင်များကိုလည်း PNO ဘက်က ပြန်လည်ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် အဆိုပါ PNA တပ်ဖွဲ့ဝင်များသည် အင်းလေးဒေသ ကျေးရွာများတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားပြီး ကုန်စည်ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများအပေါ် အခွန်အမျိုးမျိုး ကောက်ခံနေသဖြင့် ဒေသခံများမှာ ငွေကြေးအခက်အခဲနှင့် လုံခြုံရေးစိုးရိမ်မှုများကိုပါ ရင်ဆိုင်နေရကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်ကလည်း တောင်ကြီးမြို့နယ်၊ ကောင်းမှုစဉ်ကျေးရွာအနီးတွင် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသည့် PNA တပ်ဖွဲ့ဝင်တစ်ဦးကိုလည်း အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
#MeKongNews
#PNO
#ပြည်သူ့စစ်
#ပစ်ခတ်မှု
#အင်းလေး
#အနောက်ခြမ်း








