မဲခေါင်၊ နိုဝင်ဘာ ၁၄
တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း TNLA၏ နမ့်ခမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီကလည်း ထုတ်ပြန်ထားသည်။
အဆိုပါလမ်းပိုင်းသည် နမ့်ခမ်းမြို့နယ်နှင့် မိုင်းဝီးမြို့နယ်အကြား ဆက်သွယ်ထားသည့် အရှည် ၄၀ ကီလိုမီတာရှိသော လမ်းပိုင်းဖြစ်ပြီး ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ကုန်တင်ယာဉ်များကိုသာ ဖြတ်သန်းခွင့် ယာယီပိတ်ထားမည်ဖြစ်သည်။
သို့သော် ကားငယ်များ၊ ဆိုင်ကယ်များနှင့် အရေးပေါ်လူနာတင်ယာဉ်များမှာ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
“ကုန်တင်ယာဉ်ကြီးတွေကို ပိတ်ထားတယ်။ ကျန်တဲ့ ကားငယ်တွေ ဆိုင်ကယ်တွေက ပုံမှန်သွားလာလို့ ရတယ်။ မပြင်လို့လည်း မရဘူး။ လမ်းက ပျက်နေတာများပြီဆိုတော့ ပြင်ရမယ်”ဟု သတင်းရင်းမြစ် ကားသမားတစ်ဦးကပြောသည်။
လမ်းပြုပြင်ရေးကာလအတွင်း ခရီးသွားပြည်သူများအနေဖြင့် ခရီးစဉ်များကို ကြိုတင်စီစဉ်ထားရန်နှင့် လမ်းပိတ်ထားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ထားရန် TNLAကအသိပေးထားသည်။
ထို့အပြင် ဒေသခံများအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မလိုအပ်ဘဲ ဝင်ရောက်သွားလာခြင်းမပြုရန်နှင့် တာဝန်ရှိသူများ၏ ညွှန်ကြားချက်များကို လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။
အဆိုပါလမ်းပိုင်း ပြုပြင်ခြင်းသည် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်၊ ခရီးသွားသူများ ဘေးကင်းစွာ သွားလာနိုင်ရန်နှင့် ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။
#MeKongNews
#နမ့်ခမ်း
#မိုင်းဝီး
#လမ်းပြင်
#ဖြတ်သန်းခွင့်
#ယာယီပိတ်








