မဲခေါင်၊ နိုဝင်ဘာ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား မယ်ဆိုင်ဘက်အခြမ်းတွင် မစု ဆိုသူ ဦးဆောင်သည့် အဖွဲ့က မြန်မာနှင့် ထိုင်း တံဆိပ်တုံးအတုများ ရိုက်နှိပ်ပေးပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ကမ်းကူးပို့ဆောင်မှုများ ပြုလုပ်နေကြောင်း နယ်စပ်သတင်းရင်းမြစ်များထံမှ သိရသည်။
ပုံမှန်အားဖြင့် တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် – TBP ဖြင့် ကူးသန်းသွားလာရာတွင် ရှမ်းပြည် မှတ်ပုံတင် (၁၃/ မျဉ်းစောင်း) ကိုင်ဆောင်ထားသူများကိုသာ ဖြတ်သန်းခွင့် ပြုထားခြင်း ဖြစ်သည်။
သို့သော် အခြားတိုင်းနှင့် ပြည်နယ်မှ လာရောက်သူများနှင့် နိုင်ငံကူးလက်မှတ် – Passport အသုံးပြုလိုသူများကို မစုစုမင်းကို ဦးဆောင်သည့် ပွဲစားအဖွဲ့က ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ် – TBP ဖြင့် တံတားပေါ်မှ ဖြတ်ကျော်ခေါ်ဆောင်သွားပြီး ထိုင်းနိုင်ငံဘက်အခြမ်းသို့ ရောက်ရှိမှသာ မြန်မာ လဝက အထွက်တုံး အတုများကို နိုင်ငံကူးလက်မှတ် – Passport အတွင်း ရိုက်နှိပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့အဖွဲ့သည် မြန်မာဘက်ခြမ်း အထွက်တံဆိပ်တုံး အတုသာမက ထိုင်းနိုင်ငံဘက်ခြမ်း အဝင်အထွက် တံဆိပ်တုံးအတုများကိုပါ ပြုလုပ်ရိုက်နှိပ်ပေးလျက်ရှိပြီး လာရောက်ပြုလုပ်သူများ၏ စာရွက်စာတမ်း ပြည့်စုံမှု ရှိ၊ မရှိ အပေါ် မူတည်၍ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၃,၀၀၀ မှ ၁၅,၀၀၀ အထိ ဈေးနှုန်းအစားစား ကောက်ခံနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“တံတားပေါ်မှာ မစုတို့ အုပ်စုက ထိုင်း လဝက တွေနဲ့ ပေါင်းပြီး တော်တော်လေး ကြီးစိုးနေတာ။ ဒီဘက်ကနေ ယာယီကတ်နဲ့ ကူးသွားပြီး ဟိုဘက်ရောက်မှ Passport မှာ မြန်မာ လဝက အထွက်တုံးအတု ထုပေးတာ။ ထိုင်းတုံးအတုတောင် လုပ်ပေးနေတော့ သူတို့အဖွဲ့တွေ ပိုက်ဆံတွေ အရမ်းရပြီး ချမ်းသာနေကြတယ်” ဟု တာချီလိတ် နယ်စပ်အခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းဥပဒေ ဖိအားများနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာလိုသူ များပြားနေချိန်တွင် ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ ပြည်ပထွက်ခွာခွင့် စိစစ်တင်းကျပ်မှုများ ရှိနေသဖြင့် အများစုမှာ တာချီလိတ်-မယ်ဆိုင် နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းလာကြသည်။
ယင်းအခြေအနေကို အခွင့်ကောင်းယူ၍ နယ်စပ်တံတားပေါ်ရှိ ပွဲစားများနှင့် နှစ်ဖက်ဌာနဆိုင်ရာ ဝန်ထမ်းအချို့ ပူးပေါင်းကာ တရားမဝင် တံဆိပ်တုံးအတု ပြုလုပ်ခြင်းနှင့် ငွေကြေးအမြောက်အမြား တောင်းခံခြင်းများ လုပ်ဆောင်နေသော်လည်း အဆိုပါ တံဆိပ်တုံးအတုများဖြင့် ထိုင်းနိုင်ငံအတွင်း ဆက်လက်သွားလာပါက ထိုင်းအာဏာပိုင်များ၏ စစ်ဆေးဖမ်းဆီးမှုနှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရနိုင်သည့် အန္တရာယ်များ ရှိနေကြောင်း နယ်စပ်အရေး လေ့လာသူများက သတိပေးထားသည်။
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်
#ချစ်ကြည်ရေးတံတား
#တံဆိပ်တုံးအတု
#တရားမဝင်နယ်စပ်ဖြတ်ကျော်မှု
#မစုစုမင်းကို
#ရှမ်းအရှေ့








