မဲခေါင်၊ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ယမ်းခွေပြင်ဆင်ရာမှတဆင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ဆေးကုသမှုခံယူနေသူများအနက် တစ်ဦး ထပ်မံသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၂၄ ရက် ညပိုင်းက တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မြရတနာလမ်းရှိ အောင်မြေသာစည်ကျောင်းအနောက်ဘက်တွင် ပုံရိပ်အဖွဲ့ မီးပုံးပျံအတွက် ယမ်းခွေများပြင်ဆင်ရာမှ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စတင်ဖြစ်ပွားစဉ်က မီးပုံးပျံပြုလုပ်ရာသို့ လာရောက်ကြည့်ရှုသည့် The Golden Star ကိုယ်ပိုင်အထက်တန်းကျောင်း Grade 6 မှ အသက် ၁၃ နှစ်အရွယ် မောင်ဝေယံမင်းထက် (ခ) မိုဟာမက်အိုဝိုက်စ် သေဆုံးခဲ့ရာ ယခုအခါ သေဆုံးသူ ၂ဦး ရှိလာပြီဖြစ်သည်။
မီးလောင်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာများကို ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးသူမှာ တောင်ကြီးမြို့၊ ကံသာရပ်ကွက်နေ အသက် ၄၀ အရွယ် ကိုဘိုဘို ဆိုသူဖြစ်ပြီး အောက်တိုဘာ ၂၆ ရက် နံနက် ၂ နာရီခန့်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး ဆေးကုသမှုခံယူနေရဆဲဖြစ်ကာ ၎င်းတို့အနက် တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း နီးစပ်သူများထံမှ သိရသည်။
မီးလောင်မှုအတွင်း သေဆုံးခဲ့ရသည့် မောင်ဝေယံမင်းထက် (ခ) မိုဟာမက်အိုဝိုက်စ်ကို အစ္စလာမ်ဘာသာရေးထုံးတမ်းစဉ်လာအရ အောက်တိုဘာ ၂၅ ရက်တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲအတွက် ယမ်းအသုံးပြု၍ ပြင်ဆင်ဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံရေးအစီအမံများ ပိုမိုလိုအပ်ကြောင်း ဒေသခံတစ်ဦးက အကြံပြုပြောဆိုသည်။
မီးပုံးပျံပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မီးပုံးပျံပြုလုပ်ရာတွင် ယမ်းအသုံးပြုပါက ကျွမ်းကျင်သူများက ကြီးကြပ်ကွပ်ကဲရန်၊ သီးသန့်နေရာများ စီစဉ်ပေးခြင်း၊ ဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးသတ်ပစ္စည်းများ အသင့်ထားရှိခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း ဒေသခံက ထောက်ပြသည်။
ယင်းသို့ သီးသန့်နေရာများ စီစဉ်ပေးပြီး ဘေးကင်းလုံခြုံရေးကို အလေးထား ဆောင်ရွက်မှသာ ရိုးရာမီးပုံးပျံပွဲကို အန္တရာယ်ကင်းစွာ ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဒေသခံများက အကြံပြုထားသည်။
#MeKongNews
#တောင်ကြီး
#တန်ဆောင်တိုင်
#မီးပုံးပျံ
#ယမ်းပေါက်ကွဲမှု








