မဲခေါင်၊ ဇူလိုင် ၂၇
တာချီလိတ်မြို့တွင် မြို့နယ်မြေစာရင်းဦးစီးဌာနမှာ ပြည်သူများ ဝင်ထွက်သွားလာ လုပ်ကိုင်ရာတွင် အဆင်မပြေဆုံးဖြစ်နေပြီး လုပ်ငန်းများလုပ်ကိုင်ရာတွင် နည်းမျိုးစုံဖြင့် ကြန့်ကြာအောင်ပြုလုပ်ထားသည့် ဌာနအဖြစ်ရှိနေကြောင်း ဒေသခံများက ပြောသည်။
တာချီလိတ်မြို့နယ်မြေစာရင်းမှူး ဦးထွန်းအေးမှာ ပုံစံ (၁၀၅) လျှောက်ထားရာတွင်လည်ကောင်း၊ အခြားမြေစာရင်းဆိုင်ရာ ရုံးလုပ်ငန်းကိစ္စများတွင်လည်ကောင်း ကိစ္စတစ်ခုလျင် ဘတ် ၅သောင်းမှ ဘတ် ၄သိန်း၊ ၅သိန်းအထိ လာဘ်ငွေရယူသည့်အပြင် ပြည်သူများကို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံသည့်အတွက် အများက မကျေနပ်ကြောင်း ဒေသခံများကပြောသည်။
“ငွေမယူဘဲ မှန်မှန်ကန်ကန်လုပ်လားဆိုတော့လည်း မဟုတ်ဘူး။ အများကြီးကိုယူတာ။ သူ့ရုံးကိုသွားရင်လည်း ဘယ်တော့မှ စိတ်မချမ်းသာရဘူး၊ အကြောင်းအမျိုးမျိုးပြပြီး စိတ်ညစ်အောင်လုပ်တယ်။ ပြည်သူတွေအပေါ်ဆက်ဆံပုံက အရမ်းဆိုးတယ်” ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် တောင်ကုန်းဖြိုကာ မြေကွက်ရိုက်ခြင်း၊ လယ်မြေကို မြေဖို့ကာ မြေကွက်ရိုက်ခြင်းများစွာ ရှိနေပြီး ထိုသို့ ပြုလုပ်နေသည်ကို မြို့နယ်မြေစာရင်းက လာဘ်ငွေရယူကာ ခွင့်ပြုထားကြောင်း၊ မြို့နယ်မြေစာရင်းမှူးမှ လာဘ်ငွေမရသည့် မြေကွက်များကိုမူ ခြိမ်းခြောက်အကြပ်ကိုင်ကာ ပြသနာရှာကြောင်း ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးကလည်းပြောသည်။
“စျ ရှိတဲ့တောင်ကုန်း၊ ပန်းဝါဘုရားအနီးရှိတောင်ကုန်းတွေကိုလည်း တောင်ဖြို၊ အကွက်ရိုက်နေတာတွေ၊ လွယ်စတုံကုန်းပေါ်ကိုဖြို မြေရောင်းစားနေတာတွေကို မသိချင်ယောင်ဆောင်နေတယ်။ မှန်မှန်ကန်ကန်လုပ်တဲ့လူဆိုရင် ဘယ်တော့မှ မရဘူး။ သူ (မြို့နယ်မြေစာရင်းမှူး)က တော်တော်ကို ဆိုးနေတာပါ။ ငွေမရမချင်း အရမ်းရစ်တာ။ မြေတစ်ကွက်ကိုလည်း အနိမ့်ဆုံး ၅သောင်းကနေ ၄သိန်း၊ ၅သိန်းအထိတောင်းတယ်” ဟု ၎င်းကပြောသည်။
တာချီလိတ်မြို့နယ်မြေစာရင်းမှူး ဦးထွန်းအေးမှာ မြေယာပြသနာများကို ဖျောက်ဖျက်ထားသည်များလည်း ရှိကြောင်း၊ တာချီလိတ်မြို့မှာ မြေယာပြသနာများမှာ မြို့နယ်မြေစာရင်း၏ လာဘ်စားမှုကြောင့် ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တာချီလိတ်မြို့တွင် စီးပွားရေးသမားတချို့က မြေစာရင်းနှင့်ပေါင်းကာ ချောင်းမြေဧရိယာများကို မြေဖို့ကာ အကွက်ရိုက်ရောင်းချမှုများလည်းရှိိနေပြီး ထိုသို့လုပ်ဆောင်မှုများကြောင့် မလိုလားအပ်ဘဲ ရေကြီးနစ်မြုပ်မှုများ ကြုံနေရကြောင်း ဒေသခံများကဝေဖန်သည်။
#MeKongNews
#တာချီလိတ်
#မြေစာရင်း
#လာဘ်စား
#ဦးထွန်းအေး








