မဲခေါင်၊ ဒီဇင်ဘာ ၁၉
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လွိုင်ကော်မြို့ပေါ်က လူနေအိမ်ပေါင်း ၁၀၀၀ ကျော်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်ခဲ့တဲ့ “၁၁၁၁ စစ်ဆင်ရေး” အတွင်း ပြည်သူ့တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားပြင်းထန်တဲ့ တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့စစ်ကောင်စီက လူနေရပ်ကွက်တွေကိုနေ့စဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်နေတာပါ။
“လက်လှမ်းမှီသလောက်ဆိုရင် အိမ်ခြေ ၁၀၀၀ နဲ့ ၁၅၀၀ ကြားကလုံးဝပျက်စီးသွားပြီ။ လက်နက်ကြီးကျတာ၊ ဗုံးကျတာနဲ့ စစ်တပ်ကဖျက်ပစ်တာဗျ” လို့ လွိုင်ကော်မြို့ပေါ်၊ ဒေါဥခူရပ်ကွက်ကဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် တပ်စွဲထားတဲ့နေရာတွေအနီးအနားက မြင်ကွင်းကွယ်နေတဲ့ လူနေအိမ်တွေကိုလည်း စက်ယန္တရားတွေအသုံးပြုပြီးဖြိုချမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲတွေမရှိပေမဲ့ ဒေါဥခူရပ်ကွက်ကို လေကြောင်းပစ်ခတ်မှုတွေပြုလုပ်နေသလို သစ်တပင်နဲ့ လောဓမ္မကျောင်းတွေမှာပိတ်မိနေတဲ့ ဒေသခံစစ်ဘေးရှောင်တွေကိုလည်း ညနေပိုင်းနောက်ဆုံးထားပြီး ဖယ်ရှားဖို့ စစ်ကောင်စီကဖိအားပေးမှုတွေရှိနေတယ်လို့ သိရပါတယ်။
CJ – 009
#MeKongNews
#လွိုင်ကော်
#စစ်ကောင်စီ
#လက်နက်ကြီး
#လေကြောင်း
#အိမ်ခြေ









