မဲခေါင်၊ အောက်တိုဘာ ၂၉
ချင်းရွှေဟော်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို MNDAA တပ်ဖွဲ့က ၂၄နာရီကျော်ကြာထိုးစစ်ဆင်ခဲ့ပြီး မနေ့ အောက်တိုဘာ ၂၈ရက် နေ့လည်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအတွက် အရေးပါတဲ့ မာကျားတိပေါက်ပေါက် တောင်ကုန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ရက်ကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပြီး အောက်တိုဘာ ၂၈ရက် နေ့လည် ၂နာရီလောက်မှ သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျာဝင်းက မဲခေါင်ကို ပြောပါတယ်။
“အဲဒါက စစ်ကောင်စီ ချင်းရွှေဟော်မှာချထားတဲ့ အရေးကြီး တပ်စခန်းတစ်ခုလို့ ပြောလို့ရတယ်။ စက်လက်အကြီးစား ၁၄ ပွိုင့် ၅ ပါတဲ့ သံချပ်ကာ ကား ၂စီးကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်” လို့ သူက ပြောပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး တခြားလက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်းရမိတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ MNDAA, TNLA နဲ့ AA တို့အပြင် စစ်အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ MDY PDF၊ မိုးကုတ်ဗျူဟာ PDF၊ BPLA၊ PPLA တပ်တွေ ပူးပေါင်းတိုက်ခိုက်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ၃ရက်အတွင်းမှာ စစ်ကောင်စီစခန်း ၄၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၉ရက် မနက်ပိုင်းမှာလည်း MNDAA က လားရှိုးမြို့က စစ်ကောင်စီစခန်းတစ်ခုကို သိမ်းပိုက်ခဲ့သလို TNLA ကလည်း နောင်ချိုမြို့ဘက်က စစ်ကောင်စီစခန်းတစ်ခုကို သိမ်းမိခဲ့ပါသေးတယ်။
MK – 004
#MeKongNews
#MNDAA
#မာကျားတိပေါက်ပေါက်
#Operation1027