Others

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

မဲခေါင် 6 Jun - 2023
ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။

ဝေဟင်စိုး

ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။

အဖြူအစိမ်းဝတ် ကျောင်းသားတွေရဲ့ မျက်နှာဟာ အပြုံးကိုယ်စီနဲ့ ကျောင်းပရဝုဏ်တဝိုက် စည်ကားလို့နေပါတယ်။ ကျောင်းကြို/ပို့ ကားတွေ၊ ဆိုင်ကယ်၊ စက်ဘီးတွေအပြင် အချို့သော ကျောင်းသားတွေဆို အိမ်စီးကားကောင်းတွေနဲ့ ကျောင်းလာပို့တဲ့ မြင်ကွင်းကိုလည်းတွေ့ရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းချိန်ကစပြီး ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ ကျောင်းတွေပြန်ဖွင့်တာ ပညာသင်နှစ် ၃ နှစ်ရှိပြီဖြစ်ပါတယ်။

“စစ်ကျွန်ပညာရေး” ကို လက်မခံဘဲ သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားအရေအတွက်ဟာ တနိုင်ငံလုံး ကျောင်းသားဉီးရေရဲ့ ၇၀% ကျော် ရှိခဲ့တယ်လို့ CDM ပညာရေးအသိုင်းအဝိုင်းရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်အာဏာသိမ်းတာကို အလိုမရှိတဲ့အပြင် စစ်အုပ်စုကန့်သတ်ထားတဲ့ ပညာရေးယန္တရားကို သဘောမကျတဲ့အတွက် ကျောင်းဆရာ/ဆရာမအပါအဝင် ကျောင်းသားမိဘနဲ့ ကျောင်းသားထုအများစုကြီးဟာ “ကျောင်းမတက်နဲ့ ကျောင်းထွက်”“စစ်ကျွန်ပညာရေးအလိုမရှိ” ဆိုတဲ့ ကြွေးကြော်သံအတိုင်း စာသင်ခန်းတွေကို ကျောခိုင်းစွန့်လွှတ်ခဲ့တာဟာလည်း ယခုနှစ်နဲ့ဆိုရင် ၃ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။

လက်ရှိ ကြားကာလလိုအချိန်မျိုးမှာ တော်လှန်ရေးကြာလာတာနဲ့အမျှ သားသမီးတွေ ပညာသင်ကြားရေးနဲ့ ပတ်သက်လို့ မိဘတွေရဲ့ စိုးရိမ်စိတ်ဟာ မြင့်တက်လာခဲ့ပါပြီ။

ဒါကြောင့်ပဲ တတ်နိုင်တဲ့မိဘတွေက တတ်နိုင်သလို မတတ်နိုင်တဲ့မိဘတွေကလည်း ပညာရေးနှောင့်နှေးမှာ စိုးရိမ်တာကြောင့် စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေမှာ ပြန်လည်အပ်နှံလာတာကို တွေ့ရပါတယ်။

“ကျွန်တော့် ကလေးကိုကျောင်းတက်ခွင့်ပေးတာဟာ နိုင်ငံရေးနဲ့မဆိုင်ဘူး။ ကိုယ့်စိတ်သဘောနဲ့ ရွေးချယ်ခဲ့တာ။ ဘယ်လိုဖြစ်နေနေ ကလေးရဲ့ပညာရေးကို အနှောင့်အယှက်အဖြစ်မခံဘူး။ ကလေးရဲ့ပညာရေးနှောင့်နှေးမှာ စိုးရိမ်တာလဲပါတာပေါ့။ ကျောင်းပြန်တက်တဲ့ ရလာဒ်က သူ့သူငယ်ချင်းတွေနဲ့ အခင်အမင်ပျက်ကုန်တာရှိသလို ကျွန်တော့်ကိုလည်း မိတ်ဆွေတွေက အရင်လိုဟက်ဟက်ပက်ပက် စကားမပြောကြတော့တဲ့ အခြေအနေ ဖြစ်ခဲ့တာဘဲ” လို့ ပြောပါတယ်။

ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာနှစ်မှာ ကျောင်းပြန်လည်တက်ရောက်လာတဲ့ ကျောင်းသားအရေအတွက် ၆ သန်းကျော်အထိရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းဖော်ပြချက်တွေအရ သိရပြီး ဒီကိန်းဂဏန်းအရေအတွက်ဟာ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်ထက် ကျောင်းပြန်လည်အပ်နှံသူ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာ/ဆရာမ အသိုင်းအဝိုင်းက ဆိုပါတယ်။

ယခင်ပညာသင်နှစ်က ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းအပါအဝင် စစ်ကောင်စီဖွင့်လှစ်တဲ့ကျောင်းတွေမှာ ကျောင်းသားစုစုပေါင်း ၁၆ သိန်းကျော်သာ ပညာသင်ကြားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရတဲ့အတွက် ယခုနှစ် ကျောင်းပြန်တက်သူ ဉီးရေရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုရမှာပါ။

စာသင်ခန်းတွေကို ဘာ့ကြောင့် စွန့်ခွာခဲ့ကြတာလဲ

ပညာရေးအသိုင်းအဝိုင်းက စစ်အုပ်စုလက်ထက် စာသင်ခန်းတွေကို ဘာ့ကြောင့် စွန့်ခွာသလဲဆိုရင် စစ်အုပ်စုရဲ့ ဖိနှိပ်ကန့်သတ်ခံထားရတဲ့ ပညာရေးစနစ်ကြောင့်ပါ။

အဓိက ကတော့ စစ်အာဏာသိမ်းလိုက်တာကို ကန့်ကွက်လိုတာကြောင့် စစ်တပ်လက်အောက် ကျောင်းတွေမှာ အလုပ်မလုပ်ဘူး၊ ကျောင်းမတက်ဘူးဆိုပြီး စွန့်ခွာခဲ့တာပါ။ ၎င်းတို့ သတ်မှတ်ပြဌာန်းထားတဲ့ ပုံစံမျိုးပဲ
သင်ကြားခိုင်းတာနဲ့ လွတ်လပ်စွာ ပြောဆိုသင်ကြားခွင့် မရတော့တာတွေကြောင့်လည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် အသက် ၁၆ နှစ်ကျော်ကနေ ၂၀ ကျော်အရွယ် ကျောင်းသားလူငယ်အများပြားဟာ စာသင်ခန်းတွေကို စွန့်ခွာပြီးနောက်ပိုင်း စစ်အုပ်စုပြုတ်ကျရေးအတွက် ယုံကြည်ချက်တခုနဲ့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသလို တချိုု့ကတော့ ကျောင်းဆက်မတက်ဘဲ အဆုံးအထိ သပိတ်မှောက် တွန်းလှန်နေဆဲဖြစ်ပါတယ်။

ဒီနေရာမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက် ဘွဲ့တခုရရေး ပြဿနာမရှိပေမယ့် အခြေခံပညာ မူလတန်းအဆင့် တက်ရောက်နေကြတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးခရီးကတော့ မှုန်ဝါးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ညောင်နှစ်ပင်ဖွဲ့စည်းပုံရေးဆွဲသလို ပညာရေး

စစ်တပ်ကပေးတဲ့ ပညာရေးနဲ့ ၂၀၀၈ အခြေခံဥပဒေရေးဆွဲဖို့ စစ်တပ်ကလုပ်ခဲ့ပုံကို နှိုင်းယှဉ် သုံးသပ်ပြသူကတော့ ရန်ကုန်မြို့နေ CDM ကျောင်းဆရာတဦးပါ။

“ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရမဟုတ်ရင် နယ်ပယ်အသီးသီးမှာ အနာတခြား ဆေးတခြားဖြစ်နေကြဉီး မှာပဲ။ ပညာရေးကို ကိုယ့်စိတ်တိုင်းကျရေးဆွဲပြီး ဒါကျက်၊ ဒါဖြေ စနစ်လုပ်တာဟာ အနာဂတ် လူ့စွမ်းအားအရင်းအမြစ်အတွက် ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။ ကျနော်တို့ သင်ချင်တာက ပညာပါ။ ပြင်ထားပြီး ညာထားတဲ့ ပြင်ညာ မဟုတ်ဘူးဆိုတာတော့ သိသင့်တယ်။ ပညာရေးကို စစ်တပ်က ညောင်နှစ်ပင်ဖွဲ့စည်းပုံလို ကိုယ့်စိတ် ကြိုက်လုပ်လို့မရပါဘူး။ ဒီလိုတွေလုပ်လို့လည်း ကျနော်တို့ခေတ်တုန်းက ဆယ်တန်းအောင် ဘွဲ့သာရခဲ့တာ သင်ထားတဲ့ပညာနဲ့ အလုပ်ကတလွဲ၊ တချို့ဆို ဆိုက်ကားနင်းစားနေရတဲ့ ဘွဲ့ရတွေ ရှိနေတာကိုပဲ ကြည့်လေ။ ပညာရေးကိုသင်းကွပ်တဲ့ သူတို့လုပ်ရပ်ကြောင့် နိုင်ငံတကာပညာရေးစနစ်နဲ့ ရင်ဘောင်တန်းနိုင်ဖို့ဆိုတာ ဝေးလွန်းပါတယ်” လို့ ထောက်ပြ ပြောဆိုပါတယ်။

ဒါ့ကြောင့် ပညာရေးကို အကြိမ်ကြိမ် သင်းကွပ်မခံချင်တာကြောင့် ပညာရေးကိုအားပေးတဲ့ အစိုးရ၊ ပညာရေးစနစ် ကောင်းတွေ ဖော်ဆောင်ပေးနိုင်တဲ့ အစိုးရ တက်မလာမချင်း စာသင်ခန်းတွေကို စွန့်ခွာထားတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ပညာသင်ကြားမှုကို ထိန်းချုပ်ကန့်သတ်လာတဲ့ စစ်ကောင်စီ

စစ်အုပ်စုဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်ရောက်တော့တဲ့ ကျောင်းသားတွေဟာ ကြားကာလ အနာဂတ်ပညာရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်တဲ့ အွန်လိုင်းကျောင်းတွေမှာ ခိုးကြောင်ခိုးဝှက်နဲ့ စာသင်ကြားခဲ့ကြရပါတယ်။

အဲဒီအထဲမှာ Kaung for You လို၊ FOEIM တို့လို အွန်လိုင်းကျောင်းတွေဟာ နာမည် ကြီးထင်ရှားတဲ့ကျောင်းတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကျောင်းတွေဟာလည်း ရေရှည်မမြဲခဲ့ပါဘူး။ အင်တာနက် ဖြတ်တောက်ခံရတာ၊ ဒေတာခတွေ တိုးကောက်တာနဲ့ လျှပ်စစ်မီးမှန်မှန်မပေးဘဲ ဖြတ်တောက်ထားတာတွေ ကြောင့် စာသင်ကြားမှု ထင်တိုင်းမပေါက်ခဲ့ပါဘူး။

အွန်လိုင်းစာသင်ခန်းတွေထဲအထိ စစ်အုပ်စုက ကျောင်းသားမိဘဟန်ဆောင်ပြီး သတင်းအချက်အလက် နှိုက်ယူခဲ့ တာကြောင့် ကျောင်းတာဝန်ခံတွေအပါအဝင် ဆရာ/ဆရာမနဲ့ ကျောင်းသားတွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားခဲ့ပြီး လိုက်လံဖမ်းဆီးတာကို ခံခဲ့ကြရပါတယ်။

ဒီလို အချက်အလက်ပေါက်ကြားမှု ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာဆိုတာကိုလည်း အဲဒီ အွန်လိုင်းပညာသင် ကျောင်းတွေက တာဝန်ယူဖြေရှင်းတာမျိုး ယနေ့အထိ မရှိသေးပါဘူး။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဘက် က လည်း ရေရေရာရာ ဖြေရှင်းပေးတာမျိုး မရှိတဲ့အတွက် ဆက်မတက်ရဲတော့ဘဲ သားသမီးတွေရဲ့ အနာဂတ်ပညာရေးအတွက် နောက်ဆုံးမှာ စစ်အုပ်စုဖွင့်လှစ်တဲ့ကျောင်းတွေမှာပဲ ပြန်လည်အပ်နှံလာကြပါတယ်။

Kaung for You အွန်လိုင်းကျောင်းမှာ ကိုယ့်ကလေးကို ကျောင်းတက်စေခဲ့တဲ့ အမည်မဖော်လိုတဲ့ ကျောင်းသားမိဘတဉီးက “ကျမတို့လည်း ဒီလိုအခြေအနေတွေကြောင့် ဆက်မထားရဲတော့ဘူး။ ပညာသင်ကြားတာဟာ ဘယ်မှာသင်သင် ကိုယ့်သားသမီးပညာတတ်ဖို့ပဲလေ။ ဒါကို စစ်ကောင်စီက ကန့်သတ်ချုပ်ချယ်နေတာ။ ဈေးရောင်းသလိုပေါ့ သူများထက် ဝန်ဆောင်မှုကောင်းတွေ ပေးလာနိုင်ရင် စားသုံးသူက သူ့အလိုလို ရွေးချယ်လာမှာပဲလေ။ ကိုယ်ပိုင်ကျောင်းပဲထားထား၊ စစ်ကောင်စီကျောင်းပဲထားထား စာတတ်မြောက်ဖို့ အရေးကြီးတယ်။ စစ်ကောင်စီကျောင်းမထားချင်လို့ အွန်လိုင်းကနေ သင်ပြန်တော့လည်း တာဝန်ယူမှုမရှိတာကြောင့် ကျောမလုံတော့ဘူး‌။ ကလေးတွေက အသက်အရွယ်နဲ့ အတန်းနဲ့ကို မလိုက်ဖက်တော့ဘူး။ ဒီလိုဖမ်းဆီးခံရတာကိုလည်း NUG ဘက်က ဖြေရှင်းချက် တိတိကျကျမရှိခဲ့ဘူးလေ” လို့ ထောက်ပြဝေဖန်ပါတယ်။

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေအပေါ် တင်းကြပ်တဲ့ဥပဒေ ပြဌာန်း

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေရဲ့ ပညာသင်ကြားရေးလွတ်လပ်ခွင့်၊ ဆရာ/ဆရာမ ခန့်အပ်တာတွေနဲ့ပတ်သက်ပြီး အခန်းပေါင်း ၁၆ ခန်း၊ ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုနှစ်အတွင်း မေလ ၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီး ပြဌာန်းခဲ့ပါတယ်။

အဲဒီဥပဒေအရ ပုဂ္ဂလိကကျောင်းတွေရဲ့ စံချိန်းစံညွှန်း သတ်မှတ်တာ၊ ဆရာ/ဆရာမ မှတ်ပုံတင်လျှောက်ထားတာ၊ နိုင်ငံခြားသားကျောင်းဆရာ မှတ်ပုံတင်ထုတ်ပေးတာ၊ စာသင်ကြားခွင့်လိုင်စင်တွေကို သက်တမ်းတိုးပေးတာ၊ ဖျက်သိမ်းတာနဲ့ ကျောင်းဖွင့်လှစ်တာကအစ ဆရာ/ဆရာမ ခန့်အပ်တာအဆုံး စစ်ကောင်စီရဲ့ ပညာရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို အခွင့်အာဏာအားလုံးနီးပါး လုပ်ပိုင်ခွင့်ပေးထားသလို သင်ရိုးညွှန်းတမ်းကိုလည်း ၎င်းတို့ ခွင့်ပြုချက်ရမှသာ သင်ကြားရမယ်လို့ ပြဌာန်းထားပါတယ်။

ဥပဒေပါ ပြစ်မှုတခုခုကို ကျူးလွန်ရင် အနည်းဆုံးထောင်ဒဏ် နှစ်လကနေ နှစ်-နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ် ကျပ်သိန်း ၃၀ ကနေ ကျပ်သိန်း ၅၀၀ ချမှတ်နိုင်ပြီး ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

စစ်ကောင်စီက ဒီဥပဒေပြဌာန်းတာဟာ စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာ/ဆရာမတွေအနေနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ အလုပ်ဝင်ခွင့်မရအောင် လုပ်ဆောင်တာဖြစ်ပြီး ပညာရေးလောကကို စစ်မိန့်နဲ့ ချယ်လှယ်လာတာဖြစ်တယ်လို့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ဆရာ/ဆရာမများသမဂ္ဂအဖွဲ့ဝင် CDM ဆရာတဉီးဖြစ်တဲ့ ဉီးမင်းမင်းဉီး (သင်္ချာ) (အမည်လွှဲ) က ဆိုပါတယ်။

“စကစ (စစ်ကောင်စီ) လက်ထက်မှာ ပညာရေးစနစ်ကို သင်းကွပ်ချင်နေတာပေါ်လွင်တယ်။ လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ သင်ယူ ခွင့်ကို ရိုက်ချိုးနေတာလည်းဖြစ်တယ်။ နိုင်ငံတကာမှာ ကလေးတွေကို သင်ကြားနေတဲ့သင်ရိုးတွေကို ခွင့်ပြုချက်ရမှ သင်ရမယ်ဆိုတည်းကိုက သူတို့ဖြစ်ချင်တာနဲ့ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတာကြောင့်လေ။ အနာဂတ် မျိုးဆက်တွေရဲ့ ရှေ့ပညာရေးခရီးအတွက် ရင်လေးမိတယ်ဗျာ” လို့ ဆိုပါတယ်။

တဆက်တည်း သူက “စစ်အုပ်စုပြဌာန်းတဲ့ ပုဂ္ဂလိကကျောင်းဉပဒေက CDM ဆရာ/ဆရာမတွေကို ခြိမ်းခြောက်တဲ့ သဘောလည်းဆောင်နေတယ်” လို့ ထပ်မံ ထောက်ပြပါတယ်။

စစ်ကောင်စီရဲ့ အခြေမလှတဲ့ စာသင်ခန်း

အကြမ်းမဖက် စစ်အာဏာဖီဆန်ရေး (CDM) လုပ်တဲ့ ဆရာ/ဆရာမတွေရှိနေတာကြောင့် ဆရာ/ဆရာမ မလုံလောက်တဲ့ပြဿနာဖြစ်ပေါ်နေပြီး အခြေခံကျတဲ့ မူလတန်းလိုအတန်းမှာ စာသင်ခန်း နှစ်ခန်းကို ဆရာတဉီးတည်းနဲ့ သင်ကြားနေရတာ၊ ကျွမ်းကျင်ဆရာ/ဆရာမတွေမရှိတာကြောင့် ကလေးတွေအတွက် သင်ကြားရေးပိုင်းမှာ အလွန်အားနည်းနေတာ ကြုံတွေ့ရတယ်လို့လည်း ကမာရွတ်မြို့နယ်အတွင်း အခြေခံမူလတန်းအဆင့် တက်ရောက်နေတဲ့ ကျောင်းသားမိဘတချို့က ဆိုပါတယ်။

“ကျောင်းတက်ကျောင်းဆင်းချိန်တိုင်း ကျမတို့ ကြိုပို့လုပ်တယ်။ စာသင်သံလည်းမကြားဘူး။ တိတ်ဆိတ်နေတယ်။ ဒီအရွယ်တွေက စာကို အော်ဟစ်ဆိုနေရမှာ ဘာအသံမှ မကြားဘူး။ ကလေးတွေကို ကြည့်လိုက်ရင် ပြေးဆော့နေတာကိုပဲတွေ့ရတယ်။ ကျမက ကလေးကိုမေးရင် ဆရာမက ဟိုဘက်အခန်း စာသွားသင်နေလို့ ဆော့နေတာလို့ပြောတယ်။ စာသင်ခန်းတွေမှာ ကလေးတွေ စာအံသံ ကျယ်ကျယ်လောင်လောင် ထွက်ရမယ့်အစား တိတ်ဆိတ်နေတာမျိုးတွေ ကြုံရတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီကို အဆုံးစွန်အထိ သပိတ်မှောက်ထားတဲ့ အခြေခံပညာ မူလတန်း အလယ်တန်းနဲ့ အထက်တန်း အဆင့် ကျောင်းသားတွေဟာ ကျောင်းပြန်တက်မယ်ဆိုရင်တောင် လက်ရှိရောက်နေတဲ့ အသက်နဲ့ တက်ရမယ့်အတန်းက သုံးနှစ်စာ ကွာဟသွားပြီလို့လည်း ကျောင်းသားမိဘတဉီးက
ဆိုပါတယ်။

“ကလေးတွေက တစ်တန်းအောင်ပြီး နှစ်တန်းတက်ရမယ့်နှစ်မှာ ကိုဗစ်ဖြစ်တာကြောင့် ကျောင်းတွေ ယာယီပိတ် ထားလိုက်တယ်။ ကိုဗစ်တည်ငြိမ်စဖြစ်တဲ့အချိန်မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တော့ အခြေခံပညာမူလတန်း အဆင့်ကနေ အဆင့်မြင့်တက္ကသိုလ်စာသင်ခန်းက ကျောင်းသားတွေထိ သပိတ်မှောက်ခဲ့ကြတယ်။ အခုဆို ဘာလိုလိုနဲ့ သုံးနှစ်ရှိပြီလေ။ အခုကျောင်းပြန်ထားရင်လည်း အသက်ရယ် အရပ်ရယ်က နှစ်တန်းကို ပြန်တက်ရမယ်ဆိုတော့ အဆင်မပြေတော့ဘူး။ သူတို့ကိုယ်တိုင်လည်း ရှက်လို့ မတက်ချင်တော့ဘူးလို့ပြောတယ်။ ဒါကြောင့် ကျမတို့ ကျောင်းပြင်ပ ပညာရေးကိုသင်မယ်။ ပြီးရင် အသက်မွေးဝမ်းကျောင်း ပညာတခုကို သင်ပေးမယ်။ အရွယ်ရောက်လာရင် နိုင်ငံခြားထွက်ခိုင်းဖို့ပဲ ဆုံးဖြတ်ထားတယ်” လို့ ပဲခူးမြို့၊ ဇိုင်းဂနိုင်းရပ်ကွက်အတွင်းမှာနေထိုင်တဲ့ ကျောင်းသား မိဘတဉီးဖြစ်သူ မရွှေစင် (အမည်လွှဲ) က သူဆုံးဖြတ်ချက်ချထားပုံကို ပြောပြပါတယ်။

NUG အစိုးရရဲ့ ပညာရေးလမ်းကြောင်းက ဘာလဲ

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ နွေဉီးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၃ ဧပြီလ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပခဲ့ပါတယ်။

အဲဒီညီလာခံအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလက အဖွင့်အမှာစကား ပြောကြားရာမှာ “ဒီမိုကရေစီစံနှုန်းများကို အလေးအမြတ်ပြုသော ပညာရေး ဖြစ်ထွန်းရန် လိုအပ်သကဲ့သို့ ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသော ပညာရေးစနစ် ဖြစ်ရမည်ဖြစ်ကြောင်း၊ ပညာရေးကို ထူထောင်သည့်အခါ အခြေခံပညာရေး ကဏ္ဍသည် အရေးကြီးသကဲ့သို့ အဆင့်မြင့်ပညာရေးကဏ္ဍသည်လည်း အရေးကြီးကြောင်း၊ တော်လှန်ရေးကာလအတွင်းတွင် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ယှဉ်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အတွက် မျိုးဆက်သစ်လူငယ်များ အသိပညာ ဖွံ့ဖြိုးမှုအတွက် ပညာရေးကဏ္ဍသည် အရေးပါသောကဏ္ဍ ဖြစ်ကြောင်းနှင့် ညီလာခံကို တက်ရောက်လာကြသော ဆရာ၊ ဆရာမများ၊ ကိုယ်စားလှယ်အသီသီး၊ ခေါင်းဆောင်အသီးသီး က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါ” လို့ တိုက်တွန်းခဲ့ပါတယ်။

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ အဆင့်မြင့်ပညာရေးကဏ္ဍကို ဉီးစားပေးဖော်ဆောင်တာကိုသာတွေ့ရပြီး အခြေခံပညာ ကျောင်းသားငယ်များအတွက် သီးခြားဖော်ဆောင်တာမျိုး မတွေ့ရသေးပါဘူး။ ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတရပ် လုပ်ခဲ့ချိန်မှာ အခြေခံပညာအဆင့် ကျောင်းသားများအတွက် မည်သို့လုပ်ဆောင်ရန်ရှိသည်ကို ကျောင်းသားမိဘတဉီးက မေးမြန်းရာမှာလည်း တိကျတဲ့အဖြေ မကြားခဲ့ရပါဘူး။

လက်ရှိမှာ စစ်ကောင်စီရဲ့ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း စစ်ကျွန်ပညာရေးကို အလိုမရှိတဲ့အတွက် ကျောင်းမတက်ဘဲ ကျောင်းထွက်ခဲ့ကြသည့် CDM ပြုလုပ်ထားကြသော အခြေခံပညာအဆင့် ကျောင်းသား ငယ်များအတွက် NUG အနေဖြင့် ဘာတွေစီစဉ်ထားလဲဆိုတာ မေးခွန်းထုတ်စရာအချိန်တခု ဖြစ်လာပါတယ်။

“ကျနော်တို့ နားလည်ထားတာက စကစ (စစ်ကောင်စီ) ဖွင့်တဲ့ကျောင်းတွေမှာ မတက်ဘဲနဲ့ ပြင်ပ ကျောင်းပညာကို ဘယ်လိုသင်ထားသင်ထား ပြည်သူ့အစိုးရ တက်လာတဲ့အချိန်ကျရင် အရည်အချင်းဆန်းစစ် စာမေးပွဲလိုဟာမျိုးကိုဝင်ဖြေ၊ အောင်တဲ့အတန်းမှာ ဝင်တက်လိုက်ရုံရှိတယ်လို့ သိထားတယ်။ အဆင့်မြင့်ပညာတွေသင်ကြားဖို့ NUG ပြောတဲ့ နွေဉီးတက္ကသိုလ်လိုဟာမျိုးတွေကို ဘယ်လိုတက်ရမယ်ဆိုတာလည်း လက်လှမ်းမမီကြဘူး။ ကျနော်ကတော့ နောက်ဆုံးအကြိမ်အထိ ဘာမှဖြစ်မလာခဲ့ရင် သေစာရှင်စာ ရေးတတ်ဖတ်တတ်ပြီး အသက်မွေးဝမ်းကျောင်းပညာတခုကိုပဲ ဇောက်ချသင်ပေးတော့မယ်လို့ စိတ်ကူးထားတယ်။ သူ့သားသမီးဖြစ်ရင် ကိုယ့်သားသမီးလည်းဖြစ်စေချင်တာက မိဘတိုင်းရဲ့ ရင်ထဲကဆန္ဒလေဗျာ။ ကလေးတွေက အရွယ်နဲ့မလိုက်အောင် အဆိုးအကောင်းသိနေကြတယ်” လို့ ကျောင်းသားမိဘတဉီးက ရင်ဖွင့် ညည်းတွားပါတယ်။

သူကဆက်ပြီး “သား အရင်လိုကျောင်းပြန်တက်ချင်ပြီ … ဘယ်တော့ကျောင်းပြန်တက်ရမှာလဲ … ဖွားစု (ဒေါ်အောင်ဆန်းစုကြည်) ပြန်လာမှ တက်ရမှာလား …” ဆိုတဲ့ သားငယ်ရဲ့ မေးခွန်းထုတ်မှုအပေါ် အဖြေမရှိခဲ့ဘူးလို့လည်း ပြန်ပြောပြပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ကျောင်းနေအရွယ်ကလေးငယ်တွေဟာ ဟိုမရောက် ဒီမရောက် ဘဝတွေနဲ့ အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာပါတယ်။ ကလေးငယ်တွေဟာ စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာမရှိ ကျင့်ဝတ် ဖောက်ဖျက်တာတွေနဲ့ ပညာရေးသင်းကွပ်နေတာတွေကြောင့် နိုင်ငံရေးရဲ့သားကောင် ဖြစ်ရရှာပါတယ်။

အရေအတွက်အများအပြားဖြစ်နေတဲ့ ဒီလိုကလေးငယ်တွေရဲ့ အနာဂတ်အိပ်မက်တွေ ဖြောင့်ဖြူးလာပါ့မလားဆိုတာ ခုချိန်ထိ မရေမရာဖြစ်နေသလို တဆက်တည်းမှာပဲ နိုင်ငံ့အနာဂတ် ဖြောင့်ဖြူးလာနိုင်ရေးဟာလည်း လေးနက်တဲ့ စိုးရိမ်ဖွယ်မေးခွန်းတခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

#MeKongNews

#ကျောင်းတွေဖွင့်ပြီ

#စစ်တပ်အာဏာသိမ်း

#စာသင်ကျောင်းတွေ

#အကြမ်းဖက်အာဏာဖီဆန်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others

ဖရူဆို အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှာ စစ်ဘေးရှောင်တွေနဲ့ စာသင်ကျောင်းအတွက် အကူအညီ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနတဲ့ အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Tiktok ရဲ့ ခြိမ်းခြောက်မှု – တစ်ကမ္ဘာလုံးရဲ့ လုံခြုံရေးကို နှောင့်ယှက်နေတဲ့ တရုတ်နည်းပညာရည်မှန်းချက်

မကြာသေးခင်ကပဲ အမေရိကန်အောက်လွှတ်တော်က Tiktok ကို အမေရိကန် ကော်ပိုရေးရှင်းတစ်ခုဆီ ရောင်း ချရင်ရောင်း၊ မရောင်းရင် အမေရိကန်တစ်နိုင်ငံလုံးမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့ အတည်ပြုလို့ အထက်လွှတ်တော် ကို အဆိုတင်သွင်းလိုက်တယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now