နန်းမွန်း
စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။ စစ်တပ်က အာဏာသိမ်းလို့ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ တနိုင်ငံလုံးနေရာအနှံ့ ခုခံတိုက်ခိုက်မှုတွေ ကြုံရလာရတဲ့ မြန်မာစစ်တပ်ဟာ သိသိသာသာကို အင်အားချိနဲ့လာပြီး တိုင်းရင်းသားဒေသတွေကို စတင်လက်လွှတ်နေရပြီဖြစ်ပါတယ်။
မြန်မာ့တော်လှန်ရေးသမိုင်းရဲ့ အပြောင်းအလဲလို့ ပြောလို့ရတဲ့ ‘၁၀၂၇’ စစ်ဆင်ရေးကစလို့ ရှမ်းမြောက်၊ ရှမ်းတောင်၊ စစ်ကိုင်း၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၄၃ မြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒီထဲမှာ ရှမ်းပြည်တောင်ပိုင်းက ပအိုဝ်းဒေသမြို့နယ်တစ်ခုဖြစ်တဲ့ ဆီဆိုင်မြို့လည်း ပါဝင်ပါတယ်။
ဆီဆိုင်မြို့နယ်ဟာ ပအိုဝ်းပြည်သူ့စစ် – PNA (Pa-O National Army) အုပ်ချုပ်နေတဲ့ လက်ရှိပအိုဝ်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသထဲက မြို့နယ်တစ်ခုဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်လိုက်တာကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် – Pa-O National Libration Army – PNLA ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ PNLA နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ကြည့်လိုက်ရင် ပအိုဝ်းပြည်နယ်ဆိုတာကို တောင်းဆိုထားတာ တွေ့ရမှာပါ။ ဆီဆိုင်မြို့နယ်ဟာ ပအိုဝ်းလူမျိုးတွေရဲ့ တန်းတူညီမျှတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မျှော်မှန်းချက်ဖြစ်တဲ့ ပအိုဝ်းပြည်နယ်ရဲ့ အရေးပါတဲ့ မြို့နယ်တစ်မြို့လည်းဖြစ်ပါတယ်။
ဆီဆိုင်မြို့နယ်ကို သိမ်းပိုက်ထားနိုင်တဲ့ ဒီတိုက်ပွဲဟာ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအတွက် ဘယ်လောက်အတိုင်းအတာရှိ သက်ရောက်နိုင်မလဲဆိုတာ သုံးသပ်ကြည့်ရအောင်ပါ။
ပအိုဝ်းဒေသတိုက်ပွဲအစ
ဆီဆိုင်မြို့နယ်ကို သိမ်းပိုက်လိုက်တဲ့ တိုက်ပွဲဟာ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာကနေ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၀ရက် ဖြစ်စဉ်ပေါ်အခြေခံကာ စတင်ခဲ့တာဖြစ်ပြီး ပအိုဝ်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲက ၂လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။ လက်ရှိ ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ အကြီးအကျယ်စစ်ဆင်နွှဲနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ – KNDF ထံကို PNLA က လက်နက်တွေပို့ဖို့ သယ်လာတယ်ဆိုပြီး စစ်ကောင်စီနဲ့ သူရဲ့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် – PNA က ပစ်ခတ်ရာကနေ ဒီတိုက်ပွဲ စတင်ခဲ့တာဖြစ်ပါတယ်။ အရင်က PNLA/PNLO ဒုဥက္ကဌလည်းဖြစ် လက်ရှိ PNFC ရဲ့ အတွင်းရေးမှူး (၂)လည်းဖြစ်တဲ့ ခွန်ဝေထူးကတော့ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် လက်နက်အားကိုးနဲ့ မတရားဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်ကောင်စီကို အဖိနှိပ်ခံတိုင်းရင်းသားတွေ၊ အဖိနှိပ်ခံတော်လှန်ရေးအင်အားစုတွေက လွတ်မြောက်ရေးအတွက် ပြန်လည်တော်လှန်ရေး ပေါ်ပေါက်လာတဲ့ တိုက်ပွဲဖြစ်တယ်လို့ Myanmar Now နဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
ဇန်နဝါရီလ ၂၁ရက်က စံဖူးကျေးရွာကနေ စတင်ခဲ့တဲ့ တိုက်ပွဲဟာ ဇန်နဝါရီလ ၂၆ရက်မှာတော့ ဆီဆိုင်မြို့ကို PNLA က ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တိုက်ပွဲဟာ ၂လနီးပါးကြာမြင့်လာချိန်မှာ တခြားပအိုဝ်းဒေသတွေဖြစ်တဲ့ လွိုင်လင်၊ ဟိုပုံး၊ ပင်လောင်းဒေသတွအထိ ပျံ့နှံ့လာခဲ့ပါတယ်။ စစ်ကောင်စီဘက်က သူတို့ရဲ့ အားကိုးရာဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို တွင်တွင်ကျယ်ကျယ်သုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် လူနေအဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
Pa-O Youth Organization – PYO က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဇန်နဝါရီလ ၂၁ရက်ကနေ မတ်လ ၂ရက်အထိ တိုက်ပွဲ ၄၂ရက်တာ ကာလအတွင်း စစ်ကောင်စီက ဆီဆိုင်၊ ဟိုပုံးနဲ့ လွိုင်လင်ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ ဗုံးကြဲမှု ၃၇၁ ကြိမ်နဲ့အထက် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုပေါင်း ၁၁၃၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
PYO ကောက်ခံထားတဲ့ ၄၂ရက်တာ ကာလအတွင်းမှာ အရပ်သား သေဆုံးမှု ၄၇ဦးရှိခဲ့ပြိး ထိခိုက်ဒဏ်ရာရသူ ၅၉ဦး ရှိခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ပအိုဝ်းပြည်သူ့စစ် – PNA က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သား လည်း ၁၈ဦး ရှိတယ်လို့ ဆိုပါတယ်။
အဆောက်အအုံ ၁၇၅လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီထဲမှာ လူနေအိမ် ၁၅၃ အိမ်၊ ဘာသာရေးအဆောက်အအုံ ၁၅လုံး၊ စာသင်ကျောင်း ၄ကျောင်း၊ တံတား ၁စင်း၊ ဆေးရုံ/ဆေးခန်း ၁ခုနဲ့ ဈေး ၁ဈေး ပါဝင်တယ်လို့ PYO က ထုတ်ပြန်ထားပါတယ်။ အဲဒီပျက်စီးဆုံးရှုံးမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ PYO က ဆိုပါတယ်။ ဆီဆိုင်၊ ဟိုပုံးနဲ့ လွိုင်လင်မြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူအရေအတွက်ဟာလည်း တစ်သိန်းနီးပါး ကပ်လာပြီဖြစ်ပါတယ်။
Figure 2 အဆောက်အအုံထိခိုက်ပျက်စီးမှုနှင့် စစ်ရှောင်ဦးရေ (Source – PYO)
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနယ်မြေတွေဖြစ်တဲ့ ပင်လောင်း၊ ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်တွေဟာ စစ်ကောင်စီအတွက် မဟာဗျူဟာကျတဲ့ ခံစစ်နယ်မြေဖြစ်သလို ပအိုဝ်းပြည်သူ့စစ် PNA နဲ့ စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တဲ့အတွက်ကြောင့် ဆတ်ဆတ်ထိမခံ တုံ့ပြန်နေတာဖြစ်တယ်လို့ PNFC အတွင်းရေးမှူး (၂) ခွန်ဝေထူးက Myanmar Now နဲ့ အင်တာဗျူးမှာ ပြောပါတယ်။ မြေပြင်သတင်းရင်းမြစ်တွေဟာ ပြောဆိုချက်အရ စစ်ကောင်စီဟာ ဆီဆိုင်မြို့ကို တခြားသူတို့လက်လွှတ်လိုက်ရတဲ့ မြို့တွေကို တုံ့ပြန်တဲ့အတိုင်း လူနေအဆောက်အအုံတွေကို စိစိညက်ညက်ကြေအောင် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးတပ်တွေရဲ့ ပြောဆိုချက်အရ လေကြောင်းကနေ ပေါင် ၅၀၀ မီးလောင်ဗုံးတွေ၊ ဓာတုဗုံးတွေပါ ကြဲချတိုက်နေတယ်လို့ ဆိုပါတယ်။ ဓာတုဗုံးတွေ ကြဲချတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုစစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။ ဒီအခြေအနေတွေမှာ မတ်လ ၁၇ရက်အထိ ဆီဆိုင်မြို့ကို PNLA က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး ဟိုပုံးမြို့နယ်မှာ PNLA နဲ့ စစ်ကောင်စီတပ်တွေ၊ ပင်လောင်းမြို့နယ်မှာ KNDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေပါတယ်။
Figure 1 အရပ်သားထိခိုက်ဒဏ်ရာရရှိမှုများ (Source – PYO)
ပအိုဝ်းတပ်များနဲ့ ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများ အပြောင်းအလဲ
စစ်တပ်ကအာဏာသိမ်းပြီးကာစ ၂၀၂၁ ခုနှစ်ထဲမှာ မူလပအိုဝ်းနိုင်ငံရေး၊ စစ်ရေး ဦးဆောင်အဖွဲ့ ၂ခုဖြစ်တဲ့ ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO/PNA နဲ့ ခွန်သူရိန် ဦးဆောင်တဲ့ PNLO/PNLA တို့ဟာ စစ်ကောင်စီနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆက်အဆံမပြတ်ဘဲ ရှိနေတယ်လို့ Pa-O Youth Organization ရဲ့ လက်ရှိ ဒုတိယဥက္ကဌ ခွန်ဦးက transitionalinstitute (tni.org) မှာရေးတဲ့ သူရဲ့ဆောင်းပါး “Crisis in the Pa-O Region- A renewed conflict-zone in Myanmar” ဆိုတဲ့ ဆောင်းပါးမှာ ထောက်ပြထားပါတယ်။
PNO/PNA ဟာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ပြည်သူ့စစ်အဖြစ် အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းနေပြီး PNLO/PNLA ကလည်း NCA လက်မှတ်ထိုးထားတဲ့အဖွဲ့အဖြစ် ဆက်ရှိနေကာ NCA လမ်းကြောင်း၊ NCA စည်းမျဉ်းတွေအတိုင်း ဆက်ထိုင်နေပြီး စစ်ဗိုလ်ချုပ်တွေနဲ့ အစည်းအဝေးတွေ တက်နေတယ်လို့ ခွန်ဦး သူရဲ့ဆောင်းပါးမှာ ထောက်ပြပါတယ်။
အဲဒီအချိန်မှာ နိုင်ငံတလုံး စစ်အာဏာရှင်အဆုံးသတ်ရေး ကြွေးကြော်သံတွေနဲ့အတူ CRPH, NUCC နဲ့ NUG တို့လို အဖွဲ့အစည်းတွေပေါ်ပေါက်လာပြီး PDF လို တော်လှန်ရေးအဖွဲ့တွေလည်း ပေါ်ပေါက်လာချိန်ဖြစ်ပါတယ်။ ပြည်မက ဗမာလူထုထောက်ခံမှုရရှိထားတဲ့ ဒီအဖွဲ့အစည်းအသစ်တွေနဲ့ အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP နဲ့ ကရင်အမျိုးသားအစည်းအရုံး – KNU တို့က စစ်အာဏာရှင်အဆုံးသတ်ရေး လက်တွဲဆောင်ရွက်နေချိန်မှာ ပအိုးဝ်နိုင်ငံရေးနဲ့ စစ်ရေးမှာလည်း ခွန်မြင့်ထွန်းဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၁ရက် ဖွဲ့စည်းလိုက်ပါတယ်။ PNFC ရဲ့ လက်အောက်မှာ PNDF-KK နဲ့ PPDF-KD ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖွဲ့စည်း ခဲ့ပါတယ်။ တဖက်မှာလည်း စစ်အာဏာရှင်ကိုတော်လှန်မယ့် Pa-O National Defence Force – PNDF လို ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။
ပအိုဝ်းအရပ်ဘက် လူမှုအဖွဲ့အစည်းတွေ – Pa-O CSOs တွေကတော့ စစ်အာဏာသိမ်းပြီး အစောပိုင်းကာလ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြသလို ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးတာတွေနောက်ပိုင်းမှာတော့ PNLO/PNLA အပြင် အသစ်ပေါ်ပေါက်လာတဲ့ ပအိုဝ်းတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ဆောင်ခဲ့ကြတယ်လို့ ခွန်ဦးက TNI မှာ ရေးသားတဲ့ သူ့ရဲ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
၂၀၂၂ခုနှစ် စက်တင်ဘာ ၁၅ရက်က PNLO/PNLA တပ်ဖွဲ့ဝင် ၅ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နောက်ပိုင်း PNLO/PNLA အဖွဲ့အတွင်းက စစ်အာဏာရှင်ကို တွန်းလှန်လိုသူတွေဟာ သူတို့မိခင်အဖွဲ့ကို ကျောခိုင်းပြီး အသစ်ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားကြတယ်လို့ အဲဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် မတ်လမှာ စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ နမ့်နိမ်းကျေးရွာမှာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနဲ့ မေလထဲမှာ ဖြစ်ပွားခဲ့တဲ့ အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှုတွေဟာ PNLO/PNLA အဖွဲ့အစည်းအတွင်းမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေ တိုးပွားလာစေပြီး စံဖူးကျေးရွာဖြစ်စဉ်မှာတော့ PNLO/PNLA ကိုယ်တိုင်က စစ်ကောင်စီနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့အထိ ပြောင်းလဲစေခဲ့ပါတယ်။
လက်ရှိစစ်ကောင်စီကို တိုက်ခိုက်နေတဲ့ PNLO/PNLA နဲ့အတူပူးပေါင်းပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေး လုပ်ဆောင်သွားမယ်လို့ PNFC က ဒီနှစ် ဇန်နဝါရီလ ၂၇ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Figure 3 ပအိုဝ်းစစ်တပ်များနှင့်နိုင်ငံရေးအဖွဲ့အစည်းများ အပြောင်းအလဲ
ပအိုဝ်းပြည်နယ်မျှော်မှန်းချက်
ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေး ဦးတည်ကြိုးပမ်းနေတဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC ရဲ့ ဥက္ကဌ ခွန်မြင့်ထွန်းက ပအိုဝ်းပြည်နယ်ရဲ့ နယ်မြေအဖြစ် လက်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းက ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နဲ့ ဟိုပုံးမြို့နယ်တွေကို အခြေခံတယ်လို့ သတင်းမီဒီယာတွေနဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။ PNFC အနေနဲ့ လက်ရှိမှာ ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံကိုလည်း ရေးဆွဲနေပါတယ်။
၂၀၁၉ ခုနှစ်သန်းခေါင်စာရင်းအရ ပအိုဝ်းလူများအရေအတွက်ဟာ မြန်မာနိုင်ငံထဲမှာ ၂သန်းကျော်ရှိနေပါပြီး ရှမ်းပြည်တောင်ပိုင်းမှာ အများဆုံးရှိနေပါတယ်။ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာလည်း နေထိုင်ကြပါတယ်။ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအတွက် ၂၀၁၄ ခုနှစ် ဩဂုတ်လ ၂၂ရက် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား မြောက်ဘက်စောင်းတန်းအနီးက စင်ကာပူကျောင်းတိုက်မှာ ပြုလုပ်တဲ့ ပအိုဝ်းအမျိုးသားအစည်းအဝေးမှာ ပြောဆိုခဲ့သလို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်နဲ့ ၁၇ရက် ဟိုပုံးမြို့နယ်မှာ ပြုလုပ်တဲ့ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာလည်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပအိုဝ်းသူရဲကောင်း သထုံဦးလှဖေနဲ့ ကွန်မြူနစ်ပါတီတို့ကြား ပအိုဝ်းပြည်နယ်အတွက် နယ်မြေသတ်မှတ်ချက်တွေ ရှိခဲ့ပေမယ့် PNFC အနေနဲ့ကတော့ ရှမ်းတောင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပအိုဝ်းပြည်နယ်အဖြစ် သတ်မှတ်ပြီး ကျန် ပအိုဝ်းလူမျိုးတွေအများဆုံးနေထိုင်တဲ့ နေရာတွေကို ပအိုဝ်းအမျိုးသားဒေသလို့ သတ်မှတ်ဖို့ အလိုရှိနေတာဖြစ်ပါတယ်။ ပအိုဝ်းလူမျိုးတွေဟာ ဗမာလူမျိုး၊ ရှမ်းလူမျိုးတွေနဲ့ တန်းတူတဲ့ နိုင်ငံရေးအဆင့်အတန်းရှိပြီး တန်းတူပြည်နယ် ရှိရမယ်လို့ PNFC ခေါင်းဆောင် ခွန်မြင့်ထွန်းက ဆိုပါတယ်။
လက်ရှိရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသက တိုက်ပွဲတွေဟာ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကိုတော့ PNFC ခေါင်းဆောင်ခွန်မြင့်ထွန်းက နိုင်ငံရေးအငြင်းအခုံနဲ့ တိုက်ပွဲအရွေ့ မရောထွေးချင်တာတော့ မဖြေချင်သေးဘူးလို့ ငြင်းဆန်ထားပါတယ်။ PNLO ဘက်က ဒီတိုက်ပွဲဟာ စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ ဒေသလုံခြုံရေးဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်ကို ပြောဖို့ စောသေးတယ်လို့ ဆိုပြန်ပါတယ်။
ဒါပေမယ့် တန်းတူညီမျှမှုရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုနေကြတဲ့ ‘ဝ’ ပြည်နယ်နဲ့ ‘တအာန်းပြည်နယ်’ ကြည့်လိုက်ရင် ကိုယ့်နယ်မြေဒေသကိုယ် ထိန်းသိမ်းထားနိုင်၊ အုပ်ချုပ်ထားနိုင်တဲ့အဆင့်ကို ရောက်နေကြပြီဖြစ်သလို ကွန်ဖက်ဒရိတ် အဆင့်တောင်းဆိုတဲ့ ရခိုင့်တပ်တော် – AA ဟာဆိုရင်လည်း သူ့ဒေသသူ အုပ်ချုပ်နိုင်တဲ့အဆင့် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ [ရှင်းလင်းချက် – ကွန်ဖက်ဒရိတ်ဆိုတာ ပြည်ထောင်စုမှာ ပေါင်းစည်းတည်ရှိနေပေမယ့် ဗဟိုအစိုးရရဲ့ ဩဇာအာဏာ သက်ရောက်မှု မရှိသလောက်နည်းပါးပြီး အချုပ်အခြာပိုင်ဆိုင်မှုရှိကာ ဥပဒေပြဌာန်းခြင်း၊ တရားစီရင်ခြင်းအပါအဝင် ငွေကြေးမူဝါဒ၊ နိုင်ငံသားမှတ်ပုံတင်၊ သယံဇာတ တူးဖော်ခြင်းနဲ့ နိုင်ငံခြားဆက်ဆံရေးကအစ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတဲ့ အုပ်ချုပ်မှုစနစ်ဖြစ်ပါတယ်။]
ဒီထဲမှာ တအာန်းဒေသနဲ့ ရခိုင်ဒေသတွေဟာ သက်ဆိုင်တာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေက စစ်အာဏာသိမ်းပြီးမှ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ပအိုဝ်းတော်လှန်ရေးတပ်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အနေနဲ့ ကိုယ့်ဒေသကိုယ် ထိန်းချုပ်ထားနိုင်ရေးဟာ ပအိုဝ်းပြည်နယ် ပေါ်ပေါက်ရေးအတွက် အရေးပါတဲ့ အခြေခံအကြောင်းအရင်းဆိုတာ မြင်သာစေပါတယ်။
ဒီလိုကိုယ့်ဒေသကိုယ် ထိန်းချုပ်နိုင်ရေးအတွက် အဓိက ပအိုဝ်းလက်နက်ကိုင် ၂ဖွဲ့ပူးပေါင်းနိုင်ရေးဟာလည်း အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ပအိုဝ်းပြည်သူ့စစ် PNO/PNA ဟာ စစ်ကောင်စီလက်အောက်ခံအဖြစ် ပအိုဝ်းတော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်တိုက်နေတဲ့အချက်ဟာ အဓိကထိုးနှက်ချက်ဖြစ်နေပါတယ်။ စစ်ကောင်စီအတွက် ပအိုဝ်းဒေသမှာ PNO/PNA ပူးပေါင်းမှုမရှိရင် အချိန်တိုအတွင်း လက်လွတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် PYO ဒုတိယဥက္ကဌ ခွန်ဦးက သူရဲ့ဆောင်းပါးထဲမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ပအိုဝ်းအချင်းချင်း တိုက်ခိုက်တာကို ရှောင်ရှားဖို့နဲ့ PNLO, PNO နဲ့ PNFC တို့အကြား နိုင်ငံရေးစကားပြောဖို့ တိုက်တွန်းထားပါတယ်။ ခွန်နေဝင်းထွန်းအပါအဝင် လူချမ်းသာ PNO ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့အကျိုးစီးပွားကိုသာကြည့်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းနေတာထက် ဂုဏ်သိက္ခာရှိရှိ ပအိုဝ်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ဟာ အရေးကြီးပါတယ်။
ပအိုဝ်းလက်နက်ကိုင်တပ်တွေ ပေါင်းစဉ်းနိုင်ရေး၊ ကိုယ့်ဒေသကိုယ်ထိန်းချုပ်နိုင်ရေး၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေးဆိုတဲ့ အဆင့်တွေဖြတ်သန်းပြီးရင်တော့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအတွက် ဒေသတွင်း အငြင်းပွားမှုက စောင့်ကြိုနေဦးမှာ ဖြစ်ပါတယ်။ ရှမ်းပြည်ထဲကနေ ‘ဝ’ပြည်နယ်၊ တအာင်းပြည်နယ်နဲ့ ပအိုဝ်းပြည်နယ်တို့ ပေါ်ပေါက်လာဖို့အတွက် ဒေသတွင်း ပြည်သူလူထုရဲ့ သဘောထား၊ ဒေသတွင်း နိုင်ငံရေး၊ စစ်ရေး အင်အားစုတွေရဲ့ သဘောထားကလည်း အရေးပါပြီး ဒီကိစ္စတွေအတွက် အကျေအလည် ညှိနှိုင်းရဦးမှာ ပဲဖြစ်ပါတယ်။
Ref:
- “Crisis in the Pa-O Region- A renewed conflict-zone in Myanmar” by Khun Oo, tni.org
- Myanmar Now Interview with Khun Wai Htoo – PNFC
- Pa-O Youth Organization’s Report on March 4, 2024