မဲခေါင်၊ သြဂုတ် ၂
UWSA ဝတ်စုံဝတ်ဆင်ကာ တပ်ဖွဲ့ဝင်အယောင်ဆောင်ထားသည့် ခိုးဆိုးလုနှိုက်မှုများ ကျူးလွန်နေသည့် ဓားပြများကို ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်း၌ ဩဂုတ်လ ၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရသည်။
မဲခေါင်သတင်းဌာနသို့ ပေးပို့လာသည့် ရုပ်သံတွင် UWSA ဝတ်စုံဝတ်ဆင်ထားသူများကို မြေပြင်တွင် ဆောင့်ညောင့်ထိုင်၍လည်ကောင်း၊ မှောက်လျက်လည်ကောင်း ဖမ်းဆီးထားသည်ကိုတွေ့ရပြီး UWSA ပြောခွင့်ရသူ ဦးညီရမ်းကလည်း ခိုးဆိုးလုနှိုက်ဂိုဏ်းအဖွဲ့ဝင် ၁၇ ဦးကို ဖမ်းမိကြောင်း မဲခေါင်သတင်း၏ မေးမြန်းမှုကို အတည်ပြုသည်။
“တန့်ယန်းနယ်မှာ ခိုးဆိုးလုနှိုက်လုပ်နေတဲ့ အဖွဲ့ဂိုဏ်း ၁၇ ယောက်ကို မိမိတို့ UWSA “ဝ” လုံခြုံရေးတပ်ဖွဲ့မှ ဒေသခံပြည်သူ သတင်းပေးမှုဖြင့် ဖမ်းဆီးရမိ” ဟု ဦးညီရမ်းက ဆိုသည်။
ယင်းဓားပြအဖွဲ့၏ ကျူးလွန်ခဲ့မှုများ၊ ပါဝင်သူများ၏ ကိုယ်ရေးအချက်အလက်များ၊ မည်သို့အရေးယူမည်များကိုမူ မသိရသေးပေ။
ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းနယ်သည် စစ်ကောင်စီက ထိမ်းချုပ်ထားသလို UWSA မှလည်း တပ်စွဲထားသည့် နေရာဖြစ်သည်။
#MeKongNews
#UWSA
#တန့်ယန်း
#ဓားပြ
#ရှမ်းမြောက်







