မဲခေါင်၊ အောက်တိုဘာ ၂၂
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။
ရွှေတွင်း စပြိုသည့် အောက်တိုဘာ ၂၀ တွင် ကနဦး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်ကို တွေ့ရှိခဲ့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ပြီးချိန်တွင်မူ သေဆုံးသူ ၂ ဦး၊ ပြင်းထန်ဒဏ်ရာရရှိသူ ၂ ဦး၊ မစိုးရိမ်ရ ဒဏ်ရာရရှိသူ ၅ ဦး၊ သာမန်ထိခိုက်ဒဏ်ရာရရှိသည့် တွင်းဆင်းလုပ်သား ၁၅ ဦး ရှိသည်ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
“ကယ်ဆယ်ရေး လုပ်ပြီးတဲ့အချိန် စာရင်းချုပ်တော့ အဲ့ဒီစာရင်းအတိုင်း ထိခိုက် သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကိုတော့ ကြက်ခြေနီက ကလောမြို့နယ်ဆေးရုံကို တင်သွားပေးတယ်။ သေဆုံးသူ ၂ ဦးကိုတော့ နာရေးအစီအစဉ်ပြုလုပ်ပေးလိုက်ပြီ”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့အပြင် ဒဏ်ရာပြင်းထန်သည့် အထဲမှ တစ်ဦးကိုမူ တောင်ကြီးမြို့ စဝ်းစံထွန်းဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် နေရာသည် အာရှကမ္ဘာမြေ ကုမ္ပဏီ၏ ရွှေလုပ်ကွက်ဟောင်း ဖြစ်ပြီး ပိတ်သိမ်းထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်ပြီဖြစ်ကာ တရားမဝင် လာရောက်ခိုးတူးသူများ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်ကလည်း ရွှေမင်းဖုန်းဒေသ၌ ရွှေတွင်းပြိုကျမှု ဖြစ်ပွားပြီး သေဆုံး/ဒဏ်ရာရသူများ ရှိခဲ့ဖူးကြောင်း သိရသည်။
ရွှေမင်းဖုန်းဒေသတွင် ဘွက်တောင်၊ ကျားပါးစပ်၊ ရွှေတောင်ကြား၊ လွန်းထိုး၊ ဇင်ယော်၊ စကောတောင်နှင့် ရွှေဂူလေး စသည့် ရွှေတူးဖော်ရေးဇုန်နှင့် သတ္တုကြောနယ်မြေများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသအတွင်း လက်လုပ်လက်စား ရွှေတူးဖော်မှုများတွင် မြေကျင်းနံရံများကို ခိုင်ခံ့စေရန် အထောက်အကူပြုတိုင်များ စနစ်တကျ အသုံးပြုမှုမရှိပါက မြေကျင်းပြိုကျနိုင်ခြေ မြင့်မားပြီး မိုးရာသီအတွင်း ရေဝင်ရောက်မှုနှင့် မြေသားပျော့ပျောင်းမှုတို့ကြောင့် အန္တရာယ်ပိုမိုဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#ကလော
#ရွှေမင်းဖုန်း
#ရွှေတွင်း
#ပြိုကျ








