သီပေါမြို့နယ်၌ အိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေး တစ်ဦး ဒဏ်ရာရ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁
တအာင်းတပ်( TNLA) ထိန်းချုပ်ထားသည့် သီပေါမြို့နယ်၊ ကုံးစုံရွာရှိ နေအိမ်တစ်အိမ်အတွင်း ယနေ့ ၊ နံနက် ၈ နာရီဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွါးသဖြင့် နှစ်ဦးသေဆုံးကာ ကလေးတစ်ဦးဒဏ်ရာရကြောင်း နယ်စည်းမခြားပရဟိတ (သီပေါ)အသင်းမှ သိရသည်။
ပေါက်ကွဲမှုကြောင့် အိမ်အတွင်း၌သေဆုံးသည့် အမျိုးသားနှင့် အမျိုးသမီးကို အဆိုပါပရဟိတအဖွဲ့က သီပေါမြို့ဆေးရုံ၏ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့သလို ဒဏ်ရာရကလေးကိုလည်း ဆေးကုသမှုခံယူနိုင်ရေးဆေးရုံသို့ စောလျှင်စွာ ပို့ဆောင်ပေးခဲ့သည်။
ပေါက်ကွဲမှုသည် စစ်ကျန်ပစ္စည်းများဖြစ်နိုင်သော်လည်း မည်သည့်လက်နက်အမျိုးအစားဖြစ်ကြောင်းနှင့် မည်သို့ မည်ပုံပေါက်ကွဲခြင်းဖြစ်သည်ကို လတ်တလောအတည်ပြု၍မရနိုင်သေးပါ။
ယခုလ ၁၉ ရက်ကလည်း တအာင်းတပ်ထိန်းချုပ်ထားသည့် မုံးစီးမြို့နယ်၊ ဆိုင်ခေါင်ကျေးရွာ၌ ကလေးနှစ်ဦး စစ်ကျန် လက်ပစ်ဗုံးတစ်လုံးကို ဆော့ကစားရာမှ ဗုံးပေါက်ကွဲသဖြင့် ညီအကိုနှစ်ဦးဖြစ်သည့် အသက် ၅ နှစ်အရွယ် မိုင်းအညီသေဆုံးကာ အသက် ၇ နှစ်အရွယ် မိုင်းအကာ ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်က ယမန်နေ့က ထုတ်ပြန်သည်။
ဇန်နဝါရီ ၂၅ရက်၊ နံနက်ပိုင်း ကလည်း အမျိုးသား နှစ်ဦး ခလရ (၂၃)အနီး စစ်ကောင်စီ ထောင်ထားသည့် လက်ကျန်မြေမြုပ်မိုင်းတစ်လုံးကို သွားရောက်ဖြုတ်ယူခဲ့ရာမှ ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ကြောင်းTNLA က ထုတ်ပြန်ထားသည်။
မဟာ
#MeKongNews







