ကိုးကန့်တပ်ရဲ့ရပ်တည်ချက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးအတွက်သာ
မဲခေါင်၊ ဒီဇင်ဘာ ၄
ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ရဲ့ ရပ်တည်ချက်ဟာ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးအတွက်ဖြစ်တယ်လို့ မနေ့က(ဒီဇင်ဘာ ၃)ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လားရှိုးမြို့အထိ ထိန်းချုပ်ထားတဲ့ကိုးကန့်တပ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလိုလားပေမယ့် နယ်မြေအပိုင်းအခြားသတ်မှတ်ချက်ကိုတော့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖေါ်ထားတာမရှိသလို နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ဆက်စပ်တာမျိုးလည်း မပါဝင်ပါဘူး။
MNDAA အနေနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နိုင်ငံပိုင်နယ်မြေတည်တံ့ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမှာဖြစ်ပြီး မြန်မာပြည်ထဲကခွဲထွက်ကာ နိုင်ငံတော်သစ်ထူထောင်တာမျိုးပြုလုပ်မှာမဟုတ်ပဲ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ဒါကြောင့် တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ စစ်ရေးပဋိပက္ခကို ဖြေရှင်းမှာဖြစ်လို့ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံအနှံ့ ဝေဟင်နဲ့မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းပေးရမယ်လို့ဖေါ်ပြပါတယ်။
ထုတ်ပြန်ချက်မှာ ဒီနေ့ကစပြီးရောက်ရာနေရာက MNDAAအနေနဲ့ ချက်ချင်းအပစ်ရပ်စဲပြီး စစ်ကောင်စီတပ်တွေကို အစပြု ထိုးစစ်ဆင် တိုက်ခိုက်မှာမဟုတ်ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ကြား၀င်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်မှာ လာရှိုးအပါအ၀င်သက်ဆိုင်ရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ကိုတော့ အရင်ကအတိုင်း ဆက်လက်ကိုင်ဆွဲသွားမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ MNTJP/MNDAA ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကိုစေလွှတ်မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားက ပဋိပက္ခတွေနဲ့အမြင်သဘောထားကွဲလွဲတာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရတဲ့ အပြစ်မဲ့ပြည်သူလူထုရဲ့ အကျိုးကိုငဲ့ညှာထောက်ထားရန်၊ တရုတ်-မြန်မာ နယ် စပ်တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန်၊ ပြည်တွင်းစစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်နဲ့ ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော်ဆောင်ရန်အတွက် MNDAA ရဲ့ ရပ်တည်ချက်ကို အခုလိုထုတ်ပြန်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်
MNDAA အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာလည်း စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိကြောင်းထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်က MNDAA သိမ်းပိုက်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေသလို MNDAA ရဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ တအာင်းတပ်မတော်-TNLA ကလည်းနိုဝင်ဘာ ၂၅ ရက်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုရပ်ဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ပေမယ့် နိုဝင်ဘာ၃၀ရက်မှာ စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၀ ဦးသေဆုံးခဲ့ပါတယ်။
CJ-017
#MekongNews








