မဲခေါင်၊ အောက်တိုဘာ ၂၄
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၃,၆၀၀ ခန့်အကွာရှိ အဆောက်အအုံတစ်ခုအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၉၅ ဦးနှင့် အမျိုးသမီး ၄ ဦးကို အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းနေရာမှ အလျားပေ ၁၀၀၊ အနံပေ ၅၀ ရှိ သွပ်မိုးသွပ်ကာ အဆောက်အအုံတစ်ခု၊ All in One ကွန်ပျူတာ ၁၃ လုံး၊ ဖုန်းမျိုးစုံ ၁၉၃ လုံး၊ Starlink စက် ၂ လုံး၊ စားပွဲ ၂၃ လုံးနှင့် ထိုင်ခုံ ၉၂ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ယခင်တွင် ကျားဖြန့်များကို ဖမ်းဆီးရမိပါက ဖမ်းဆီးရမိသည့် နေ့ သို့မဟုတ် ဖမ်းပြီး နောက်တစ်ရက်တွင် သတင်းထုတ်ပြန်လေ့ရှိသော်လည်း ယခု ဖမ်းဆီးရမိမှုကိုမူ ဖမ်းဆီးပြီး ၃ ရက်မြောက်မှသာ သတင်းထုတ်ပြန်သည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်နေ့တွင်ပင် လဲချားမြို့နယ် ဟိုပုံကျေးရွာအနီးတွင်လည်း ကျားဖြန့်တရုတ် ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။
#MeKongNews
#ရှမ်းအရှေ့
#ကျားဖြန့်
#မိုင်းဆတ်မြို့နယ်
#မိုင်းတွမ်း








