မဲခေါင်၊ သြဂုတ် ၂၂
စစ်ကောင်စီက ပလောင်၊ ကိုးကန့်၊ ၀ နဲ့ ရခိုင်တိုင်းရင်းသားတွေကို ခရီးသွားလာခွင့်ပိတ်ပင်ထားတယ်လို့ ခရီးသွားလုပ်ငန်းတွေက သိရပါတယ် ။
အထူးသဖြင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သွားလာခွင့်တွေ ပိတ်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၅ ရက်ခန့်ကတည်းက ကားလိုင်းတွေကို ကားပေါ်တင်ဆောင်ခြင်းမပြုဖို့ အမိန့်ပေးထားတာလို့ သိရပါတယ်။
“ခုချိန်တော့ ၁၃/တောင် ဗမာ၊ ရှမ်းကလွဲလို့ ပလောင်၊ ၀၊ ကိုးကန့်နဲ့ ရခိုင်တွေကို လက်မှတ်ရောင်းပေးလို့ မရပါဘူး၊ အမိန့်ရထား လို့ပါ၊ လိုက်မယ့်သူ တွေအတွက်ပါ၊ လမ်းမှာ ခေါ်ထားတာ၊ စစ်တာဆေးတာတွေဖြစ်ရင် ကားကလည်း မစောင့်နိုင်လို့ပါ၊ အမိန့်ကတော့ လွန်ခဲ့တဲ့ ၁၅ ရက်လောက်ကတည်းက ထုတ်ထားတာပါ”လို့ ရန်ကုန်၊ မန္တလေးနဲ့ ကျိုင်းတုံ၊ တာချီလိတ်ဘက်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်း တစ်လိုင်းက မဲခေါင်သတင်းဌာနက စုံစမ်းမေးမြန်းမှုကို ဖြေကြားပါတယ်။
အထူးသဖြင့် ရှမ်းတောင် နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်း၊ ကာလိ၊ မိုင်းပျဉ်း၊ ကျိုင်းတုံ၊ တာချီလိတ်လမ်းပြေးတဲ့ ခရီးသည်ကားတွေမှာ မတင်ဖို့သိရတယ်လို့ ပြောပါတယ်။
“အဲဒါက စစ်တပ်က ဗျ၊ လားရှိုး၊ မူဆယ်ဘက်ဆို ၅/ ၈/ မရပြန်ဘူး၊ မူဆယ်ဆို အဲမှာနေကြောင်း ထောက်ခံစာတောင်းတယ်၊ လားရှိုးဆို ပလောင်၊ ကိုးကန့်၊ ၀ တအားစစ်တယ်၊ ပြန်ခိုင်းတာ များတယ်၊ တိုင်းရင်းသားတပ်တွေဘက်ကတော့ မှတ်ပုံတင်မစစ်ဘူး၊ လူကြည့်ပြီး ဒီအတိုင်းသွားခိုင်းတယ်”လို့ မူဆယ်ဘက်အထိ ရှမ်းမြောက်လမ်းကြောင်းအမျိုးမျိုးကို ပြေးဆွဲနေတဲ့ ယာဉ်ငယ်လိုင်းမောင်း ဒရိုင်ဘာ တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
“ကျမတို့ က ကျောက်မဲက နေ အောင်ပန်းကို စစ်ရှောင်လာတာ၊ လမ်းမှာ တပ်ဂိတ်မှန်သမျှ မျိုးစုံမေးပြီးစစ်တယ်၊ ငွေလဲတောင်းတယ်၊ တာချီလိတ်ကိုသွားဖို့ လက်မှတ်ဝယ်တာ ကားလက်မှတ်ဝယ်လို့ မရဘူး၊ ကိုးကန့်ဖြစ်နေလို့တဲ့၊ ကားဂိတ်က လက်မှတ်ရောင်းပေးချင်ပေမယ့်မရောင်းရဘူးလို့ ပြောထားလို့ လို့ ပြောတယ်”လို့ ကျောက်မဲက အောင်ပန်းရောက် ကိုးကန့်အမျိုးသမီး တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရခိုင်စစ်မြေပြင်တွေမှာ မြို့ရွာတပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးရပြီးနောက် AA ၊ TNLA နဲ့ MNDAA တို့ရဲ့ လူမျိုးတွေကို ခရီးသွားလာမှု ချုပ်ချယ်ကန့်သတ်လာတာဖြစ်ပြီး ၀လူမျိုးကိုတော့ ဘာကြောင့်ကန့်သတ်လာတာ မသိရပါဘူး။
စစ်ကောင်စီဟာ ရှမ်းအရှေ့မြို့တွေကို ကိုးကန့်၊ ပလောင်၊ ရခိုင် လူမျိုးတွေလာတာ ခွင့်မပြုဖို့ ညွှန်ကြားထားတာတွေ ရှိနေခဲ့ပေမယ့် အခု ကားဂိတ်တွေကို ညွှန်ကြားတာမှာတော့ “၀”လူမျိုးတွေကို ပါ ချုပ်ချယ်ကန့်သတ်လာတာဖြစ်ပါတယ်။
UWSA ဟာ စစ်ကောင်စီနဲ့ တရားဝင် တိုက်ခိုက်နေတာမရှိပေမယ့် “၀”လူမျိုးတွေ ခရီးသွားလာတာတွေကို ခွင့်မပြုဘဲ ကန့်သတ်ချုပ်ချယ်လာနေတာဖြစ်ကြောင်း သိရပါတယ်။
MK-012







