မဲခေါင်၊ သြဂုတ် ၂၂
ရှမ်းအရှေ့ မိုင်းတုံမြို့မှာ မိုးအဆက်မပြတ် ဆက်တိုက်ရွာသွန်လို့ ရေကြီးရေလျှံဖြစ်ကာ လယ်တွေ ရေမြုပ်ပျက်စီးကုန်တယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၄ ရက် ကတည်းက ရက်ဆက်ရွာသွန်းလာတဲ့ မိုးဟာ ယနေ့ သြဂုတ်လ၂၂ ရက် အထိ မိုးမတိတ်ဘဲ ရွာသွန်းနေတာကြောင့် မိုင်းတုံမြို့နယ်က လယ်ဧက ၂ ထောင်ကျော် ရေမြုပ်ပျက်စီးကုန်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရေမြုပ်တာ ၁ ပတ်လောက်ဆို အမြစ်တွေပုပ်ကုန်တယ်၊ ပြီးတော့အပင်တွေ ခါးကျိုးပြီး ဝါလိုက်ကုန်တယ်၊ မိုးတိတ်နိုး ရေကျနိုးနဲ့စောင့်နေတာ၊ ခုထိ မိုးလဲ မတိတ် ရေကလဲမကျတော့ စိုက်သမျှအားလုံး ပျက်စီးကုန်ပြီ”လို့ မိုင်းတုံ နောင်ပါရင်ရပ်ကွက်က လယ်သမား ၁ ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
အလားတူ မြို့မကွင်းက လယ်သမား ၃၀ ကျော်ရဲ့ စပါးခင်းအားလုံးလဲ ပျက်စီးကုန်ပြီလို့ သိရသလို ဝမ်မိုင်၊ ဖာခယ်ဇ၊ မဲကင်၊ နားကောင်းမူး၊ ဟွေအော၊ ပုံပါကျင်ရွာတွေက လယ်တွေလဲ ပျက်စီးကုန်တယ်လို့ သိရပါတယ်။
လယ်စိုက်ဧက ၆၈၆၅ ကျော်မှာ လတ်တလောအခြေအနေအရ ဧက ၂ ထောင်ကျော် ပျက်စီးခဲ့တယ်လို့ လယ်သမားတွေဆီက သိရပါတယ်။
မိုင်းတုံမြို့ဟာ စစ်ကောင်စီလက်ထက်မှာ ခရိုင်အဆင့်တိုးမြင့်ထားပြီး မိုင်းတုံမှာ ၃ ရပ်ကွက် ကျေးရွာအုပ်စု ၆ အုပ်စု၊ အိမ်ထောင်စု ၃၈၄၇ စုနဲ့ လူဦးရေ ၂ သောင်းကျော်၊ ပုံပါကျင်မြို့နယ်ခွဲမှာ ရပ်ကွက် ၅ ခု၊ ကျေးရွာ ၁၀ ခု၊ အိမ်ထောင်စု ၆ ၇၃၁၊ လူဦးရေ ၃ သောင်းကျော်နဲ့ မုံးထမြို့နယ်ခွဲမှာ ရပ်ကွက်၃ ခု၊ ကျေးရွာ ၂၂ ရွာ၊ အိမ်ထောင်စု ၆၃၁ ၊ လူဦးရေ ၃ ထောင်နီပါးရှိနေပြီး “၀”အထူးဒေသ ၁၇၁ ရဲ့ လူဦးရေ ၁ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။
MK-012







