မဲခေါင်၊ ဩဂုတ် ၁၉
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ တရားဝင် ဆီပန့်တွေက တစ်လှည့်စီ ရောင်းချပေးနေတာကြောင့် မှောင်ခိုရောင်းချသူတွေ ပိုများလာတယ်လို့ ကိုယ်တိုင် တန်းစီဝယ်ယူခဲ့သူတွေက ပြောပါတယ်။
ဩဂုတ်လ တတိယပတ်အတွင်းမှာ မြို့တွင်း/ပြင် ပုံမှန် ရောင်းချပေးနေတဲ့ ၄ ဆိုင်ခန့်က တစ်ချိန်တည်း သတ်မှတ်မပေးဘဲ တစ်လှည့်စီ ရောင်းချပေးနေတာကြောင့် မှောင်ခိုသမားတွေအတွက် ပိုအဆင်ပြေနေကြတယ်လို့ ဆိုပါတယ်။
“မနက် ၈ နာရီရောင်းမယ်ဆိုရင် တစ်ချိန်တည်း တစ်ပြိုင်တည်း ဖွင့်ချလိုက်။ လူအုပ်ကြီးက တစ်ဆိုင်စီ သွားလိမ့်မယ်။ အခုက တစ်ဆိုင်ကရောင်းရင် အဲနေရာမှာပဲ ပြုံတိုးနေကြတာ။ မှောင်ခိုကလည်း ဒီဆိုင်စီလိုက် ဟိုဆိုင်စီလိုက်နဲ့ အလုပ်ကို ဖြစ်နေတာပဲ” လို့ ကိုယ်တိုင်တန်းစီနေသူ တစ်ဦးက ပြောပါတယ်။
တစ်ဆိုင်ချင်းစီ အချိန်အပြောင်းအလဲနဲ့ ရောင်းချပေးနေတာကြောင့် မြို့ခံတွေအနေနဲ့ သတင်းအချက်အလက် တိတိကျကျ မရတဲ့အပြင် တစ်ဆိုင်ချင်းစီကို လိုက်မေးနေရတာကြောင့် ဓါတ်ဆီ လိုက်ရှာဝယ်ရင်း ဓါတ်ဆီကုန်သွားတာတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။
“မှောင်ခိုသမားတွေက ဘယ်နားစီစီ သူတို့မျက်နှာ ထိပ်ဆုံးက တွေ့နေရတယ်။ တစ်ချိန်တည်း ပြိုင်တူရောင်းပေးလိုက်ရင် သူတို့လည်း တစ်ခါတန်းစီပြီး ပြီးသွားမှာပဲ။ အချိန်ခွဲရောင်းတာက မှောင်ခိုသမားတွေအတွက် လုပ်ပေးသလို ဖြစ်နေတယ်” လို့ နောက်ထပ် ကိုယ်တိုင်တန်းစီနေသူ တစ်ဦးက မှတ်ချက်ပြုပါတယ်။
လတ်တလော တောင်ကြီးမြို့တွင်းမှာ ညောင်ဖြူစခန်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာရပ်ကွက် နှင်းဆီလမ်း၊ စူဠာမုနိဘုရားအနီးနဲ့ တောင်ကြီးမြို့ထွက် ဆီပန့်တွေမှာ ရောင်းချပေးနေပေမယ့် လူဦးနှုန်းအတွက် ဝယ်ယူခွင့်နဲ့ အချိန်ကို ကန့်သတ်ထားပြီး ၉၂ တစ်လီတာ ၃၁၀၀ ကျပ်ဝန်းကျင်၊ ၉၅ တစ်လီတာ ၃၂၅၀ ကျပ်ဝန်းကျင်၊ ဒီဇယ် ၃၃၀၀ ကျပ်ဝန်းကျင် အသီးသီးပေါက်ဈေး ရှိနေပါတယ်။
တောင်ကြီးမြို့မှာ နေ့စဉ်နဲ့အမျှ ဆီပန့်က ရောင်းချပြီဆိုတဲ့ သတင်းကြားတာနဲ့ အချိန်နဲ့ တပြေးညီ တန်းစီနေရပြီး မနေ့(ဩဂုတ် ၁၈)ကလည်း တန်းစီတဲ့ ယာဉ်တန်းဟာ တစ်မိုင်ခန့်အထိ ရှည်လျားခဲ့တယ်လို့ ဖြတ်သွားဖြတ်လာ ရိုက်ကူးထားသူတွေရဲ့ မှတ်တမ်းဓါတ်ပုံအရ သိရပါတယ်။
MK-014









