မဲခေါင်၊ ဇန်နဝါရီ ၁၅
ဖြူးချောင်းဆည်မှာ ပြုလုပ်တဲ့ ဟိန္ဒူနှစ်သစ်ကူး ရေချိုးပွဲတော်ကနေ ပြန်လာတဲ့ ကားတစ်စီး ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် နတ်စဥ်ကျောင်းရှေ့မှာ တိမ်းမှောက်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၅ရက် နေ့လည်၁နာရီကျော်က တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာလိုက်ပါစီးနင်းခဲ့သူ အမျိုးသား၆ဦးထဲက ၄ယောက်နေရာမှာ သေဆုံးခဲ့ပြီး ကျန်၂ဦး ဒဏ်ရာစိုးရိမ်ရတယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။
“ ကားအပြင်မှာ လွင့်ထွက်ပြီး သေနေတာ ၃ယောက်ရှိတယ်။ ကားရှေ့ခန်းမှာ တစ်ယောက်ကမှန်ကျွံပြီး ထွက်နေတာ၊ နောက်ခန်းကတစ်ယောက်လဲ မှန်ပေါက်က ထွက်ကြနေတယ်။ မောင်းတဲ့သူကတော့ ညပ်နေလို့ ပြန်ဆွဲထုတ်ပေးထားတယ်။ သူကတော့ စကားနည်းနည်းမေးလို့ရတယ်” လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့နေရာကို လူမှုကူညီရေးအသင်းကားတွေရောက်လာပြီး အသက်ရှင်နေသေးသူ ၂ဦးကို ဆေးရုံ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သူကပြောပါတယ်။
ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး လူသေဆုံးတဲ့အထိ ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ယာဉ်မောင်းကို ကျောက်တံခါးရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
MK – 005
#MeKongNews