မဲခေါင်၊ မတ် ၂၃
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၁) ရပ်ကွက်မှာ မတ်လ ၂၁ ရက် ည ၇ နာရီကျော် အမျိုးသား ၅ ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ် ရိုက်နှက်ပြီး ကားနဲ့ဖုန်း လုယက်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
ပုလဲ၊ စိန်ပန်းမြိုင်လမ်း၊ သြဘာစက်ရုံအနီး အရောက် ကားငှားစီးလာတဲ့ အမျိုးသား ၅ ဦးက ယာဉ်မောင်းကို ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်ကာ ဖုန်း၊ ပိုက်ဆံနဲ့ ကားကို လုယူသွားပြီး ယာဉ်မောင်းကို လမ်းမှာ ပစ်ချထားခဲ့တယ်လို့ သူကပြောပါတယ်။
“ အင်းစိန် City Mark ကနေ ကားငှားစီးလာ ကြတာ။ အမျိုးသား ၅ ယောက်ပါတယ်။ ခုလုမယ့် နေရာ ရောက်တော့ နောက်ကနေ လည်ပင်းညှစ်ပြီး လုကြတာ။ ဝိုင်းထိုးထားတော့ မျက်နှာလည်း ဖူးရောင် နေတာပေါ့။ သူတို့ဖြစ်တာ ၇ နာရီ ၁၅ မိနစ်လောက် ပြောတယ်။ အရမ်း စိုးရိမ်ရတဲ့ ဒဏ်ရာတွေတော့ မရပါဘူး” လို့ ပုလဲ အရန်မီးသတ်က ကိုထင်လင်းအောင် ကပြောပါတယ်။
ကားလုယက်ခံရတဲ့ အမျိုးသားမှာ အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီ ရွှေပေါက်ကံ (၁၁) ရပ်ကွက်မှာ နေထိုင်သူဖြစ်ကာ ပရိုဘောက် အငှားယာဉ် လုယက်ခံရမှု အတွက် ထောက်ကြန့်နယ်မြေ ရဲစခန်းမှာ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။
အခုလအတွင်း မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ် အနီး လူ ၅ ဦးက အငှားယာဉ်မောင်းကို ထိုးကြိတ် လုယက်မှု ဖြစ်ပွားခဲ့ရာ လုယက်သူ အမျိုးသားများဟာ အိန္ဒိယနွယ်ဖွားလို့ ယူဆရသူ ၂ ဦး၊ ကိုယ်ကာယ တောင့်တင်းသူ တစ်ဦးနဲ့ ခပ်ပိန်ပိန် အမျိုးသား ၂ ဦးတို့ ဖြစ်တယ်လို့ မျက်မြင်တွေ့သူက ပြောဆိုထားပါတယ်။
MK-005