မဲခေါင် အောက်တိုဘာ ၁၅
စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
ယခု အောက်တိုဘာလ ၁၆ရက်နေ့၌ တာချီလိတ်မြို့၊ အာခါဈေးအနီးတဝိုက်တွင် ကား ၂စီးဖြင့် ပေါ်တာဆွဲသွားပြီး လူငယ်အမျိုးသား ၅ဦးခန့် ပါသွားကြောင်း အာခါဈေးအနီး နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
“လာဖမ်းတဲ့ လူတွေက ယူနီဖောင်းတွေ မဝတ်ထားဘူး။ အရပ်ဝတ်နဲ့ဘဲ။ ည ၁၀ နာရီနောက်ပိုင်း ဂိမ်းဆိုင်တွေထဲဝင်ပြီး တွေ့တဲ့လူကို ခြိမ်းခြောက်ပြီး အိတ်တွေစစ်တယ်။ ဖုန်းတွေ့ရင်ဖုန်း၊ ပိုက်ဆံတွေ့ရင် ပိုက်ဆံ ယူသွားတယ်။ လူကိုလည်း ရိုက်နှိက်ပြီး ဖမ်းခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ လာရောက်ပေါ်တာဆွဲသူများမှာ မိုင်းဖြတ်မြို့မှ ဖြစ်ကြောင်း ဖြစ်စဉ်နှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။
“အခုရက်ပိုင်း အာခါဈေးဘက်မှာ အဲ့လို ခဏခဏဖြစ်တယ်။ တချို့လည်း ညဘက် အပြင်မထွက်ရဲတော့ဘူး။ ညဘက်အချိန်မတော် လမ်းလျှောက်သွားတဲ့ ယောက်ျားလေးတွေဆို ပိုပြီး အန္တရာယ်များတယ်” ဟု ဒေသခံက ပြောသည်။
မိုင်းဖြတ်မြို့နယ်မှ ပေါ်တာဆွဲသည့် အဖွဲ့တစ်ဖွဲ့မှာ မိုင်းဖြတ်မြို့နယ်အကို အခြေပြုကာ ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ်များတွင် လိုက်လံပေါ်တာဆွဲမှုများ လုပ်ဆောင်နေပြီး စစ်မှုထမ်းအပတ်စဉ်များအတွက် လူရောင်းစားနေခြင်းဖြစ်ကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရသည်။
စစ်တပ်မှ တာဝန်ရှိသူအချို့နှင့် ပြင်ပမှ လူအချို့ပါဝင်သည့် အဖွဲ့က ယခုနှစ်အစပိုင်း ဇန်နဝါရီ၊ ဖေဖော်ဝါရီလများအတွင်း တာချီလိတ်မြို့၌ ရိုက်နှက်ပေါ်တာဆွဲကာ စစ်မှုထမ်းလူသစ်အတွက် စုဆောင်းသည့် ဖြစ်စဉ်များ မကြာခဏရှိခဲ့ပြီး အချို့မှာ ငွေကြေး ကျပ်သိန်းရာဂဏန်းနီးပါးဖြင့် ရွေးထုတ်လွတ်မြောက်လာသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ဇူလိုင်လအတွင်း ပြုလုပ်သည့် စစ်ကောင်စီပြည်သူ့လွှတ်တော်တွင် စစ်မှုထမ်းအဓမ္မခေါ်ဆောင်မှုများအကြောင်း ခန္တီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဂုဏ်ဝမ်းက မေးမြန်းခဲ့ရာ စစ်မှုထမ်းနှင့်ပတ်သက်ပြီး လူသစ်စုဆောင်းခြင်းများကို ဥပဒေနှင့် အညီလုပ်ဆောင်နေကြောင်း၊ ဥပဒေကို ကျော်လွန်လုပ်ဆောင်ပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီအစိုးရ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် ရှမ်းပြည်အရှေ့ပိုင်းအပါအဝင် နိုင်ငံတဝှမ်းတွင် စစ်မှုထမ်းလူသစ်စုဆောင်းမှုအတွက် စီးပွားဖြစ် အဓမ္မဖမ်းဆီးခေါ်ယူပေါ်တာဆွဲသည့် ဂိုဏ်းများ၊ ကွန်ယက်များကြီးထွားနေပြီး ယင်းဂိုဏ်းများ၊ ကွန်ယက်များ၏ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူများလည်း ယနေ့ထက်တိုင် အများအပြား ရှိနေဆဲဖြစ်သည်။
#MeKongNews
#တာချီလိတ်
#ပေါ်တာဆွဲ
#စစ်မှုထမ်းလူသစ်
#မိုင်းဖြတ်








