မဲခေါင်၊ အောက်တိုဘာ ၅
တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀ တောင်းခံနေကြောင်း ဒေသခံများက မဲခေါင်သတင်းဌာနသို့ ပြောသည်။
တရားရုံး၌ တရားခံဧည့်တွေ့ခွင့်မှာ မိနစ်ပိုင်းသာ တွေ့ရသော်လည်း ယင်းဧည့်တွေ့ခွင့်အတွက် ရဲအုပ်စိန်အေးက တစ်ဦးလျှင် ဘတ် ၅၀၀၀ တောင်းခံခြင်းဖြစ်ကြောင်း၊ ဧည့်တွေ့လာသူတိုင်းအား ယင်းကဲ့သို့ တောင်းခံနေခြင်းဖြစ်ကြောင်း စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ကိုယ်တိုင်ငွေပေးခဲ့ရသူတစ်ဦးနှင့် နီးစပ်သူက မဲခေါင်သို့ ပြောသည်။
“တရားခံနဲ့ ဧည့်တွေ့တာ က မိနစ်ပိုင်းပဲ ကြာတာပါ။ ဘတ် ၅၀၀၀ ဆို မြန်မာငွေ ကျပ် ၆သိန်းကျော်ပဲ။ မပေးချင်လို့ မဟုတ်ပါဘူး။ တောင်းတာ များလွန်းလို့ပါ။ အထက်လူကြီးတွေ ထိန်းသိမ်းစေချင်တယ်” ဟု ၎င်းက ပြောသည်။
တာချီလိတ်တရားရုံးတွင် ယင်းကဲ့သို့ အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံမှုများ နေရာစုံတွင် ဖြစ်နေပြီး ပြည်သူများမှာ များစွာ အခက်အခဲဖြစ်ရကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရဲအုပ်စိန်အေးသည် ယခင်က တာလေစခန်မှူးအဖြစ် တာဝန်ကျခဲ့သူဖြစ်ပြီး ထိုစဉ်ကလည်း ငွေတောင်းကြမ်းသည့်အတွက် အတိုင်ခံရပြီး ခရိုင်ရဲရုံးသို့ ပြန်လည်ရောက်ရှိလာသူဖြစ်သည်။
#MeKongNews
#ရဲအုပ်စိန်အေး
#တာချီလိတ်
#တရားရုံး
#ဧည့်တွေ့ခွင့်
#ငွေတောင်းကြမ်း








